Home
ဆောင်းပါး
တပ်မတော်သား တူသား ညီငယ်များသို့
DVB
·
October 4, 2021

ပြီးခဲ့တဲ့ဇွန်လက ကိုမင်းအောင်လှိုင်ထံ ငါ့ရဲ့ အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး တပ်ထဲက ညီအစ်ကိုများက ငါ့ကို ဘဝင်မကျ မေးကြ၊ ပြောခဲ့ကြတယ်။ ငါ ရေးတဲ့ အချက်တွေကို လက်ခံကြပေမဲ့ နိုင်ငံရေးအခြေအနေတွေအရ မရေးသင့်ကြောင်း အဓိကထား သတိပေးကြတယ်။ စောင့်ကြည့်ပါဦးလို့လည်း ဝိုင်းပြောတာနဲ့ ငါ ဆက်မရေးဘဲ ငါတို့တိုင်းပြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး မဖြစ်သင့်တာတွေ မလုပ်သင့်တာတွေ ပြင်ပြီး အခြေအနေတွေက ပြောင်းလဲလာလေမလားဆိုပြီး စောင့်ကြည့်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ငါတို့နိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာ အတော်လေးကို ဆုတ်ယုတ်နေပြီဖြစ်တဲ့အတွက် ငါနဲ့အတူ အေးအတူပူအမျှ တပ်တာဝန်၊ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းညီနောင်များနဲ့ တာဝန်ယူထားဆဲ တပ်မတော်သား တူသား ညီငယ်များအတွက် ဒီစာကို ဆက်ရေးလိုက်ပါတယ်။

၁။ ငါရေးတာတွေဟာ ငါတို့ တပ်မတော်သားတွေ၊ ပြည်သူတွေ သိသင့်သိထိုက်တဲ့ နားလည်သင့်ထိုက်တဲ့ အချက်အလက်တွေ၊ ရှိရမယ့် ဆင်ခြင်တုံတရားတွေနဲ့ မိမိဘာသာ ချင့်ချိန်စဥ်းစားကြဖို့အတွက် အပြုသဘောပဲ ဖြစ်တယ်။ မျက်မှောက်ကာလမှာ နိုင်ငံရေး လှည့်စားကွက်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းပရိယာယ်တွေဟာ သတင်းမှားတွေ ဖြန့်ရုံလောက်တင် မဟုတ်တော့ဘဲ လူထုရဲ့ ဆင်ခြင်တုံတရားနဲ့ နည်းစနစ်ကျတဲ့ အတွေးအခေါ်တွေကိုပါ ရိုက်ချိုးဖျက်ဆီးပစ်ခြင်းအားဖြင့် အမှန်တရားတွေလုံးဝ ပျက်သုဉ်းသွားအောင် လုပ်ကြတာပဲဖြစ်တယ်။ ခေါင်းဆောင် တယောက် အာဏာတည်မြဲရေး တချက်တည်းနဲ့ မိမိလည်း ဒီရာထူးကို တနေ့ရလိုရနိုး၊ မိမိရဲ့ မိသားစုအသိုက်အဝန်း  ဖြတ်လမ်းနည်းနဲ့ စီးပွားဥစ္စာ ကြီးပွားချမ်းသာဖို့၊ ခေါင်းဆောင်ရဲ့ သူ့ကျေးဇူးသစ္စာခံ စတဲ့အကြောင်းပြချက်အမျိုးစုံနဲ့ ကိုယ့်အကျိုးတရပ်ရပ်အတွက် နောက်လိုက်တွေကလည်း လမ်းအမှားနောက် လိုက်ရင်း တဖြေးဖြေးနဲ့ အမှန်တရားကို ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တော့ဘဲ ဘာလုပ်လုပ် တရားတာ မတရားတာ၊ နည်းလမ်းမကျတာ လစ်လျှုရှုပြီး လုပ်သင့်လို့လုပ်နေကြတယ်ကွာဆိုတဲ့ အသိလောက်နဲ့ အမှားတွေကို ဆက်ကာ ဆက်ကာ ကျူးလွန်မိအောင် အခြေအနေတစ်ရပ် အနေအထားတခုကို ဖန်တီးထားတာပဲဖြစ်တယ်။ အမှန်တရားကို ငြင်းဆန်ရုံ၊ လှည့်ဖြားရုံ၊ ဥပက္ခာပြုရုံနဲ့ အမှန်တရား၊ အချက်အလက်တွေက မကွယ်ပျောက်သွားပါဘူး။ ဒါကို ငါတို့အားလုံးမြင်ဖို့လိုတယ်။

၂။ အမှားနဲ့ အမှန်ကို ခွဲခြားရာမှာ ဒီဆင်ခြင်တုံတရား အသိဉာဏ်ကို သုံးပါ။ ပြည်သူတွေက မှိုင်းမိတယ်၊ နားယောင်တယ်ဆိုပြီး ငါတို့ကိုယ်တိုင် နားမယောင်ဖို့ လိုတယ်။ အာဏာရှင်ယန္တရားစနစ်က သူ ရပ်တည်ဖို့ အရေးပါတဲ့ သြဇာညောင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ စိုးရိမ်မှု၊ ပျော့ကွက်တွေကို လိုအပ်သလို အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ နှစ်ကာလချီအောင် သိမ်းသွင်းခဲ့တာပဲ။ အန်အယ်လ်ဒီအောက်မှာ တပ်ကို မုန်းအောင် လုပ်တယ်ဆိုတာ အပြည့်အဝတော့ ငါ လက်မခံဘူး။ တပ်ကို မုန်းအောင် သမိုင်းတလျှောက် လုပ်ခဲ့တဲ့ အဓိကတရားခံတွေက အာဏာရှင်တွေပဲ။ ငါတို့သမိုင်းမှာ အာဏာရှင်တွေက တပ်က တက်သွားကြတာဆိုတော့ လူထုကတက်လာတဲ့ ခေါင်းဆောင်ဆို ငါတို့တတွေ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေ အနစ်နာခံခဲ့သလဲ မေးမနေနဲ့။ ထောက်ခံမှုက မရှိသလောက်ပဲ။ တဘက်က နိုင်ငံရေးသမားတွေက လူထု နားယောင်အောင် မှိုင်းတိုက်တာတွေ လုပ်နေတယ်ဆိုပြီး လက်တွေ့မှာ အာဏာရှင်တည်မြဲဖို့ အကြောင်းပြချက်မျိုးစုံ၊ ခြောက်လှန့်နည်းမျိုးစုံ၊ စိတ်ဓာတ်စစ်ဆင်ရေး မျိုးစုံနဲ့ ကိုယ် မယုံကြည်တဲ့ အလုပ်တွေ ငါတို့လည်း လုပ်ခဲ့ရတာပဲ။ တိုင်းရင်းသားအချင်းချင်းလည်း ငြိမ်းချမ်းရေးမရလောက်အောင် ရိုက်သွင်းခဲ့တာက အာဏာရှင်ကို ပံ့ပိုးတဲ့ ငါတို့ရဲ့ အတိတ်ခေတ်ဟောင်းက နားယောင်မှု တလွဲအတွေးအခေါ်တွေပဲ။ ‘ကချင် ဖြောင့်တာ တံစဥ်ကောက်သလောက်’၊ ‘ရခိုင်နဲ့ မြွေပွေးတွေ့ရင် ရခိုင်ကို အရင်သတ်’ အစရှိတဲ့ အင်မတန် နိမ့်ကျတဲ့ ရှေးအဆိုတွေနဲ့ ငါတို့အားလုံးကို အမြင်စောင်းအောင် လုပ်ထားပြီး အာဏာရှင်တွေ ရပ်တည်နိုင်ဖို့ အုတ်မြစ်တွေ ချခဲ့ကြတယ်။ ငါတို့ခေတ်တုန်းကလည်း လိုတမျိုး မလိုတမျိုး ‘ငမြ’၊ ခေါ်လိုက် ‘ဗိုလ်ချုပ်ကြီးမြ’ ခေါ်လိုက်နဲ့ ငါတို့က အောက်မှာ ညီအစ်ကိုတွေ၊ ရဲဘော်တွေရဲ့ အသက်တွေကိုရင်းပြီး အချင်းချင်းချခဲ့ရတယ်။ တပ်ကို မုန်းအောင်လုပ်တယ်လို့ ပြောသလို တဘက်မှာ အာဏာရှင်ယန္တရားက ဒီမိုကရေစီစနစ်ကို ရွံအောင်၊ ကြောက်အောင်၊ မုန်းအောင် ဝါဒဖြန့်လမ်းစဥ်တွေ နည်းမျိုးစုံ ဖြန့်ခဲ့ကြတယ်။ ဘာသာသာသနာကို ခုတုံးလုပ်ပြီး ငါတို့နိုင်ငံကမှ တမူထူးခြားနေသယောင် အာဏာရှင်ခေါင်းဆောင်တွေမှ မကယ်ရင် ချောက်ကမ်းပါးထဲ ကျတော့မယ့် အခြေအနေတွေကို လုပ်ကြံပြီး စိုရိမ်စိတ်တွေ ရိုက်သွင်းခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ၊ ဖက်ဒရယ်စနစ်ကို နှစ်ပေါင်းများစွာ ရွံအောင်၊ ကြောက်အောင်၊ မုန်းအောင် လုပ်ခဲ့ပြီးမှ အခုကျ ဖက်ဒရယ်ကို သွားရအောင်ဆို ဖြစ်လာပြီ။ အဘွားကြီးကို မုန်းအောင် အရင်ခေတ်ရဲ့ ထောက်လှမ်းရေးကို အသုံးချပြီး နည်းမျိုးစုံနဲ့ ဝါဒဖြန့်ခဲ့တာတွေ မင်းတို့အားလုံး အသိ။ ကိုယ့်အချင်းချင်းတောင် ရှင်းတဲ့အချိန်မှာ အဂတိလိုက်စားမှုတွေကို တပ်တွင်း သတင်းတွေနဲ့၊ ဓာတ်ပုံတွေနဲ့ ငါတို့ရော ပြည်သူရော အားလုံးသိအောင် အတိအကျ ချပြတတ်တဲ့ စနစ်ကြီးထဲမှာ အဘွားကြီးရဲ့ မဟုတ်မဟတ် ဇာတ်လမ်းတွေကို ဘာအတွက်ကြောင့် ပြည်သူနဲ့ နိုင်ငံတကာကို ချမပြရဲရမှာလဲ။ အဘွားကြီးရဲ့ ပြစ်ချက်တွေနဲ့ အန္တရာယ်တွေက အဲသလောက်ကြီးတောင်ဆိုရင် ၂၀၁၂ ကတည်းက ဒီအကြောင်းတွေကို အကုန်ဖော်၊ အများသိအောင် ရှင်းပြီး လွှတ်တော်ကိုယ်စားလှယ်တောင် ဖြစ်လာခဲ့စရာ မရှိပါဘူး။ အမှန်က ငါတို့ကို နှစ်ရှည်လများ ရိုက်သွင်းခဲ့တဲ့ အဘွားကြီးဇာတ်လမ်းအများစုဟာ ငါတို့အားလုံး အဘွားကြီးကို မုန်းအောင်လုပ်ထားတဲ့ လုပ်ကြံဇာတ်လမ်းတွေ ဖြစ်နေလို့ပဲ။ တချို့ဇာတ်လမ်းတွေကတော့ အောက်ကကောင်တွေက ထုံးစံအတိုင်း အပေါ်က ‘မင်းတို့ ရအောင် ဖော်ကြ’ လို့ ခိုင်းထားတာနဲ့ လူကြီးအကြိုက် မရ ရအောင် ဇာတ်လမ်းဆင်ရင်းနဲ့ ဖိုတိုရှော့လုပ်၊ သက်သေခံတွေ လိမ်တင်၊ ဇယားတွေဆင်ပြနဲ့ အမှန်လိုလို ယောင်ဝါးဝါးတင်ပြရင်း ငါတို့အားလုံးရဲ့ အမိန့်နာခံတတ်တဲ့စနစ်ကို အခွင့်ကောင်းယူ၊ ငါတို့ကို လူပြိန်းသာသာလောက် သတ်မှတ်ထားပြီး ဝါဒဖြန့်ခဲ့တာတွေလည်း ပါတယ်။ အချုပ်ပြောရရင် နှစ်ရှည်လများ အဘွားကြီးက အကျယ်ချုပ်အောက် ဘယ်သူနဲ့မှတောင် ဆက်သွယ်မရအောင် ပါးစပ်အပိတ်ခံထားရချိန်မှာ ‘တိုင်းပြည်ဖျက်မယ့် ကုလားမယား’၊ အန်အယ်လ်ဒီကလှုပ်လို့တောင် မရဘဲ မြောင်းထဲ ရောက်နေတဲ့အချိန်မှာ ‘ကွန်မြူနစ်တွေ’၊ ‘အနောက်နိုင်ငံတွေနဲ့ ပေါင်းရိုက်ပြီး အမျိုး၊ ဘာသာ၊ သာသနာပျောက်အောင် လုပ်မယ့်ကောင်တွေ’ စသည်ဖြင့် နှစ်ပြားမတန်အောင် အောက်လမ်းနည်းတွေနဲ့ မှိုင်းတိုက်ထားခဲ့ပြီး ငါတို့ရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ်မှာ အခွင့်ကောင်းယူပြီး အာဏာရှင်ရပ်တည်နိုင်တဲ့ အခြေအနေတွေကို အမြဲတမ်းလိုလို ဖန်တီးနေခဲ့တာဘဲ။

၃။ ရှင်းရှင်းပြောရရင် ငါတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အရင်းခံက ဘာမှ ခိုင်ခိုင်လုံလုံ အကြောင်းပြချက်မရှိဘဲ တပ်နဲ့ အာဏာသိမ်းလိုက်တာပဲ။ တရားစီရင်ရေးမဏ္ဍိုင်ကို ဥပေက္ခာပြု၊ မထီမဲ့မြင်လုပ်၊ လက်နက်အားကိုး ခြိမ်းခြောက်ပြီး မိမိအနာဂတ်၊ မိမိနဲ့ မိသားစုကိုယ်ကျိုးအတွက် အာဏာသိမ်းခဲ့တာပဲ။ ဒီအမှားတွေ မတိုင်ခင်မှာလည်း ကိုမင်းအောင်လှိုင်က နားရမယ့် လုပ်သက်စေ့ချိန်မှာ နည်းဥပဒေ၊ အမိန့်တွေကို ချိုးဖောက်ပြီး အနားမယူခဲ့၊ တပ်ချုပ်တာဝန် လွှဲပြောင်းမပေးခဲ့တာကို ငါတို့အားလုံး လုံးဝ လုံးဝ လက်မခံသင့်ပါ။ ဒီစည်းမျဥ်းတွေက ကိုယ်ကြိုက်သလို ကိုယ့်အဖွဲ့လေးနဲ့ အကျဥ်းရုံးလက်ဝါးရိုက်ပြီး ပြင်ချင်တိုင်း ပြင်နေရင် ငါတို့ တပ်မတော်လည်း အာဏာရှင် မွေးထုတ်တဲ့ စည်းကမ်းမဲ့ တပ်မတော်အဆင့်ပဲ ရှိနေလိမ့်မယ်။ လုပ်သက်ပြည့်ရင် ခြွင်းချက်မရှိ၊ အကြောင်းပြချက်မရှိ အနားယူကြပါ။ နိုင်ငံရေးလုပ်ချင်ရင် အခြေခံဥပဒေဘောင်အတွင်းက လုပ်ကြပါ။ အသက် ၆၀ ကျော်ရင် တပ်ထဲမှာ ကာယ ဉာဏ ဖျတ်လတ်မှု ပြည့်ဝတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ တာဝန်ယူဖို့ မသင့်လျော်တော့ပါ။ မျက်မှောက်ကာလမှာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားနိုင်ပြီး ခေတ်ကာလနဲ့ဆီလျော်တဲ့ မဟာဗျူဟာတွေ၊ တပ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချပေးဖို့ဆိုတာ အသက် ၆၀ ကျော်ရင် သဘာဝမကျတော့ပါဘူး။ ကိုယ့်အပတ်စဥ်က ညီအစ်ကိုတွေ၊ ကိုယ့်အောက်က ညီငယ်တွေက စည်းကမ်းတကျ အနားယူသွားချိန်မှာ ခေါင်းဆောင်လုပ်သူက မိမိကိုယ်ကျိုးအတွက် အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်ဟာကို သက်တမ်းတိုးနေတာဟာ ဘယ်လိုပဲ လှည့်ကစားပြပြ၊ စစ်သားလို တည့်တည့်ပြောရရင် အရင်ခေတ်တွေကလို  အာဏာရှင်လမ်းကြောင်း သွားနေတာပဲ။

၄) ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောင့်ကြည့်ပါဦးလို့ နောင်တော်တချို့က အကြံပြုပါတယ်။ နစက အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးမှာပါလို့ ပြောကြပါတယ်။ လက်တွေ့မှာ ၈ လလောက် ကြာပြီးတာတောင် ရွေးကောက်ပွဲ မသမာမှုကို မယ်မယ်ရရ ထောက်ပြနိုင်တာ ငါမတွေ့ပါ။ အကြောင်းပြချက်အမျိုးမျိုးကို မရ ရအောင် ဖန်တီးယူနေတဲ့ အဆင့်လောက်ပဲ ရှိပါတယ်။ ရွေးကောက်ပွဲ မသမာမှုတွေက ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်လောက်အောင် ရှိခဲ့ရင် ရှင်းပြကြပါ။ မဲမသမာမှု တွေ့ရင် ကန့်ကွက်လွှာတင်ဖို့ အခွင့်ပေးထားခဲ့တာပဲ။ မဲထပ်ခါပေးခဲ့တဲ့ မဲရုံများသတင်း မတွေ့မိပါ။ ရှုံးတဲ့ပါတီတွေက လိမ်ချင်တာကို တပ်က ဝင်လက်လျှိုစရာ မလိုပါဘူး။ မသမာမှုတွေ၊ အကြောင်းပြချက်တွေက ဒီလောက်ခိုင်လုံနေရင် ပြည်သူတွေလည်း မ အ ပါဘူး။ လက်ခံလာကြမှာပါ။ ခေတ်ဟောင်းအတိတ်က နိုင်ငံရေးကွက်တွေနဲ့ သွားလှည့်စားလို့ အခုလို ဖြစ်ကုန်တာပဲ။ ၂၀၁၅ မှာ မဲစာရင်းနဲ့ အမှန်တကယ် မဲပေးတဲ့ စာရင်းများ ကွာဟမယ်ဆိုတာ ဗိုလ်ချုပ်ကြီးတင်အေးကိုယ်တိုင် ပြောခဲ့ပါတယ်။ ငါတို့ လေးစားရတဲ့ တပ်မတော်ခေါင်းဆောင် တယောက်ပါ။ ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေက ပိုပြီးတိကျလာမယ်ဆိုတာ မဖြစ်နိုင်ပါ။ အကယ်၍ ပေးခဲ့တဲ့မဲတွေ မသမာမှု ရှိခဲ့ရင်လည်း နိုင်ငံတော်ရဲ့ အဓိက မဏ္ဍိုင်တရပ်ဖြစ်တဲ့ တရားစီရင်ရေးလမ်းကြောင်းနဲ့ သွားကြဖို့ ဖြစ်ပါတယ်။ မသမာမှုတွေကို မှန်မှန်ကန်ကန် သက်သေပြနိုင်ရင် လွှတ်တော်ထဲမှာ ထိုင်နေတဲ့အမတ်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါတွေအားလုံးကို ငါတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ တပ်ကို အသုံးချပြီး အာဏာသိမ်းတာ အာဏာရူးအလုပ်ပါ။

၅။ ငါတို့ ပါတီနိုင်ငံရေး လုံးဝ လုပ်မရပါ။ ရွေးကောက်ပွဲမတိုင်ခင်ရော ရွေးကောက်ပွဲအပြီးမှာပါ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ တွဲထားဖို့လုပ်တာ၊ တပ်ကိုယ်စားပြုပါတီအဖြစ် ကြိုးပမ်းခဲ့တာတွေသည် တပ်မတော်ရဲ့ ကြားနေရမယ့် အနေအထားကို ဖျက်ဆီးလိုက်တာ ဖြစ်တယ်။ ပြည်တွင်းမှာ မပြောနဲ့။ ပြည်ပ ရုရှား၊ တရုတ် ခေါင်းဆောင်တွေ၊ ဂျပန်က မစ္စတာဝါတာနာဘေးလို ပုဂ္ဂိုလ်တွေကိုတောင် စာရင်းဇယားမျိုးစုံနဲ့ ပြည်ခိုင်ဖြိုးက ဘယ်လိုနိုင်မယ်၊ ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေက ဒီလိုရှိတယ် စသည်ဖြင့် ကိုမင်းအောင်လှိုင်က ရှင်းပြခဲ့ပါတယ်။ တခြားအချက်တွေ အများကြီး ရှိပါသေးတယ်။ ဒီလိုအပြုအမူတွေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြားမနေဘဲ ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်တွေကို နိုင်ငံတကာကတောင် သိနေလောက်အောင် ပါတီနိုင်ငံရေးထဲမှာ နစ်ဝင်နေခဲ့တာကို သက်သေပြနေတယ်။ ငါတို့ တပ်မတော်သားတွေ နိုင်ငံရေးပါတီတွေနဲ့ လုံးဝတွဲလို့မရပါ။ 

၆။ လက်ရှိ မျက်မှောက်ကာလမှာ ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ လူမှုစီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ်စနစ်၊ တရားစီရင်ရေးနဲ့ သဘာဝဘေးအန္တရာယ်အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်ဖို့ ဘက်စုံ ကဏ္ဍစုံက ကျွမ်းကျင်သူ၊ အုပ်ချုပ်ရေးပညာရှင်တွေ လူငယ်တွေ အများကြီး လိုအပ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီလိုဘက်စုံကျွမ်းကျင်တဲ့ ခေါင်းဆောင်မျိုးတွေကို ငါတို့ တပ်မတော်တခုတည်းက မထွက်နိုင်ရုံမက မထွက်သလောက်ပါပဲ။ လက်ရှိစနစ်အောက်မှာ တော်သူ၊ တတ်သူတွေ မှန်မှန်ကန်ကန် ရပ်တည်သူတွေ ထိပ်ဆုံးရောက်ဖို့ ခဲယဥ်းပါတယ်။ ဒါကို ပြင်ရပါမယ်။

၇။ လုံခြုံရေးအကျပ်အတည်းတွေ ဖြစ်လာတာက လက်နက်ကို သုံးပြီး အာဏာရယူ၊ ညှိနှိုင်းရမယ့်အစား ဂျင်ဇီကိုတောင် ရှုံးနေပြီလား၊ မင်းတို့ပါ ဂွမ်းသွားမယ် ဆိုပြီး မြှောက်ပေးကြတာနဲ့ တပ်နဲ့ အကြမ်းကိုင်လိုက်တော့ လူငယ်တွေက ဘယ်လိုပဲ မှန်မှန်ကန်ကန် မဲပေးခဲ့၊ လွှတ်တော်ထဲမှာ ရှင်းရှင်း၊ ဆန္ဒပြပြ ဘာမှမထူးတော့ဘူးလို့ သုံးသပ်ပြီး လက်နက်နဲ့ အကြမ်းနည်းနဲ့ပဲ ပြန်ဆန့်ကျင်ကြမယ်ဆိုတဲ့အဆင့်ကို ရောက်သွားခဲ့ပြန်ပြီ။ ငါတို့ တပ်မတော်သားတွေဟာ ပြည်သူတွေအပေါ် မတရားမလုပ်ပါ။ အားလုံး စစ်သည်ကျင့်ဝတ်နဲ့ သစ္စာဆိုထားကြပါတယ်။ တပ်ကို ဆန္ဒပြပွဲတွေ ထိန်းချုပ်ခိုင်းတာမှာ အလွန်ခက်ခဲပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့မှာထားတယ်ဆိုပေမဲ့ လက်တွေ့မှာက ထိထိရောက်ရောက် မထိန်းနိုင်ပါဘူး။ ဆန္ဒပြပွဲတွေကို ထိန်းနိုင်အောင် ခေါင်းဆောင်လို့ သတ်မှတ်သူ လူငယ်လေးတွေကို ခေါင်းကိုထိအောင် ပစ်သတ်၊ စီစီတီဗွီတွေ ရိုက်ချိုး၊ မြို့လယ်ကောင် လမ်းဘေး ရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေ ဆိုင်ကယ်တွေကို ယန္တရားတွေနဲ့ ထိုးချ၊ သဲအိတ်တွေကို လက်နက်ကြီးနဲ့ ပစ်ပြ၊ ညဘက်တွေမှာ ပြည်သူအများ နားလည်အောင်၊ မလန့်အောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရမယ့်အစား တိုက်ခန်းတွေထဲ လက်နက်ငယ်တွေနဲ့ ရမ်းပစ်၊ ထောက်လှမ်းရေးခေတ်ကထက် ဆိုးအောင် စစ်ကြောရေးရောက်ရင် အလောင်းနဲ့ ပြန်ထွက်၊ ဒီလို လူမိုက်ဆန်ဆန် မင်းမဲ့ ဥပဒေမဲ့စရိုက်တွေဟာ ပြည်သူက ငါတို့တပ်မတော်ကို မုန်းသထက် မုန်းအောင် လုပ်တာတွေပဲ။ အခုခေတ်မှာ လက်ကိုင်ဖုန်းနဲ့ ရိုက်နိုင်တဲ့ သက်သေ အထောက်အထားတွေက ထွက်နေတာပဲ။ ငါ့ကို ပြတဲ့ တချို့အထောက်အထားတွေက ထုံးစံအတိုင်း တပ်ထဲကပါ။ ပြည်သူကို လူမိုက်ဆန်ဆန်၊ သောင်းကျန်းသူလို သတ္တိရှိ ထွက်ချကြ ဆိုပြီး မခြိမ်းခြောက်ပါနဲ့။ ခြိမ်းခြောက်တာတွေ ရပ်ပါ၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အခက်အခဲတွေသည် ကိုမင်းအောင်လှိုင် အာဏာသိမ်းလို့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ။ နိုင်ငံရေး အကျပ်အတည်းပါ။ ငါတို့တပ်မတော်သည် ပေါက်လွှတ်ပဲစား၊ လူမိုက် လူရမ်းကား ဓားပြတပ် မဟုတ်ပါဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားအချင်းချင်း လက်နက်မကိုင် လက်သီးမဆုပ် ဥပဒေဘောင်အတွင်းက စည်းကမ်းရှိရှိ ငြင်းခုံ၊ ညှိနှိုင်း အဖြေရှာကတာကမှ တကယ့်သတ္တိပါ။ လူငယ်တွေ အသိနည်းပါတယ်။ လူပြိန်းတွေ ပြောနေကြတဲ့ ငါတို့တပ်ကို အကုန်ဖျက်သိမ်းပြီးမှ ပြန်လည်တည်ဆောက်မယ် ဆိုတာကတော့ စိတ်ကူးယဥ်နေကြတာပဲ ဖြစ်မယ်။ စစ်စည်းကမ်းနဲ့ ပေးဆပ်ခဲ့ရတဲ့ အသက်ပေါင်းများစွာနဲ့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့ တပ်မတော်ကြီးပါ။ ဒါပေမဲ့ ငါတို့တွေလည်း အာဏာရှင်အမူအကျင့်နဲ့ အဂတိ ခြစားမှုတွေနဲ့ တပ်မတော်ရဲ့ကဏ္ဍတွေကိုတော့ ခွဲခြားမြင်နိုင်ဖို့လိုအပ်ပြီး တပ်မတော်ခေါင်းဆောင်တွေရဲ့ ပါတီနိုင်ငံရေး ရည်မှန်းချက်တွေကို စည်းကမ်းအတိအကျ ချမှတ်ဖို့ လိုတယ်။ ပြည်ခိုင်ဖြိုးနဲ့ ဆက်စပ်မှုတွေ၊ ခေတ်ဟောင်းရဲ့ အမွေဆိုးတွေကို ဖြတ်ဖို့လိုတယ်။ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ရာတော့ ပြည်သူအများ ထောက်ခံပါဝင်ဖို့ လိုတယ်။ ဒီအဆင့်ရောက်နေမှတော့ တပ်က ကိုယ့်ဘာသာကိုယ် ပြုပြင်တာတွေ မလုပ်သေးဘဲ ကိုယ့်ကို ဆန့်ကျင်နေသူတွေ၊ ဖုန်းထဲမှာ အန်အယ်လ်ဒီအလံ တွေ့ရုံနဲ့ အရေးယူ၊ ရိုက်နှက်၊ မြို့လယ်ကောင်မှာ စစ်မြေပြင်လို မသေမရှင်တွေကို ပိတ်ကန်၊ အရှင်မဖမ်းနဲ့ဆိုပြီး သတ်ပြပြီးတော့မှ ပြန်လည်ဖိတ်ခေါ်ပြီး အထူးသက်ညှာစွာ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိတွေကို ဘယ်သူ ယုံမှာလဲ။ အာဏာရှင်တွေကို ငါတို့ကိုယ်တိုင် မရင်ဆိုင်နိုင်ရင် ဒီသံသရာထဲမှာပဲ တိုင်းပြည်က လည်နေဦးမှာပဲ။ အခုဟာက အန်အယ်လ်ဒီ၊ အဘွားကြီး ပြဿနာ မဟုတ်တော့ဘူး။ နှစ်ပေါင်းများစွာ တယောက် တမျိုးစီ အကြောင်းပြချက်မျိုးစုံနဲ့ တက်အုပ်ချုပ်ချင်နေတဲ့ အာဏာရှင်ကို ဆန့်ကျင်တာ ဖြစ်သွားပြီ။ အချင်းချင်းမှာလည်း  အရင်လူတွေ လုပ်ခဲ့တာကို မှားလို့ဆိုပြီး ငါတို့ကတော့ မတူဘူးဆိုတာတွေ တော်သင့်ပြီ။ ငါတို့ကိုယ်တိုင် ပြင်စရာတွေအများကြီး ရှိသလို ငါတို့ခေတ်တုန်းကလည်း တပ်မတော်ရဲ့ အမိန့်နာခံတတ်တဲ့ အလေ့အကျင့်ကောင်းတွေကြောင့် ခေတ်အလိုက် အာဏာရှင်များကို ပြန်မလှန်ခဲ့ဘဲ အများကြီး မှားခဲ့ကြပြီးပါပြီ။

၈။ တဘက်မှာ အန်အယ်လ်ဒီလူကြီးတွေ မသမာမှုရှိခဲ့ရင် သက်သေအထောက်အထား ပြည့်ပြည့်စုံစုံနဲ့ လွတ်လပ်တဲ့တရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲပါ။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အဘွားကြီးကို အသရေဖျက်ဖို့ ဒေါ်လာ သန်း ၂၀၀ ကနေ သန်း၄၀၀ လောက် ခိုးထားတာတွေ၊ သားဆီကို လစဥ် ဇော်ဇော်တို့ ဘဏ်ကတဆင့် သန်းချီပို့နေတာတွေ၊ မြေကွက်တွေကို ရိုက်စားထားတာတွေ စတဲ့ သတင်းအမှားအမျိုးစုံနဲ့ ဇာတ်ရှိန်တင်လာခဲ့တာ ရွေးကောက်ပွဲပြီး စစ်တော့လဲ ဘယ်မှာလဲ၊ အထောက်အထားတွေ ပြကြပါ။ ကိုယ်ကမှန်ရင် လုပ်ကြံထွက်ချက်တွေ မဟုတ်ရင် ရဲရဲတင်ပြပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ လက်နက်ကို ဘေးချထားဖို့ လိုတယ်။ စွပ်စွဲခံရသူကို သူ့ရှေ့နေတောင် ပေးမတွေ့တာမျိုး၊ လူရယ်စရာ ကိုဗစ် ပုဒ်မတပ်တာမျိုးတွေလို အောက်တန်းကျတဲ့ လှည့်ကွက်တွေ ဆက်သုံးနေရင် ကိုယ့်ဘက်က မပိုင်လို့ဘဲ။ ပါတီရုံးကို (ဘယ်ပါတီမဆို) တပ်၊ ရဲ အင်အားနဲ့ ဥပဒေမဲ့ ဝင်ဖျက်၊ ဝင်လုတာမျိုး ငါတို့ တပ်မတော်သားတွေ မလုပ်ပါနဲ့။ ဝင်မပါ ပါနဲ့။ လိမ်လည် အမှုဆင်တာမျိုးတွေ၊ စစ်ကြောရေးမှာ အရင်ထောက်လှမ်းရေးခေတ်ကလို သေမလောက်နှိပ်စက်ပြီး ထွက်ချက်ယူတာမျိုးတွေ မလုပ်ပါနဲ့။ အမှားရှိသူက အမှားတွေ ထွက်လာမှာပါ။ ကိုယ်က လိမ်ဆင်ရင်တော့ ကိုယ့်အမှားတွေ ဖြစ်သွားပြီ။

၉။ ငါ့ပထမစာကို ဖတ်ပြီး ညီအစ်ကိုအများစုက ကိုမင်းအောင်လှိုင်မိသားစု ရာထူးအာဏာ အရှိန်အဝါကို သုံးပြီး အကျင့်ပျက် ခြစားမှုတွေကို ကော်မရှင်ကို အတိအကျတိုင်ဖို့ ပြောကြပါတယ်။ လက်တွေ့မှာ ဒီကိစ္စတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအတိုင်း ဆက်လက်စုံစမ်းအရေးယူဖို့ ခက်ခဲပါလိမ့်မယ်။ တရားစီရင်ရေးမဏ္ဍိုင်က အထက်ကို တင်ပြနေရသေးတဲ့ ခေတ်ဟောင်းကို ပြန်ရောက်သွားပါပြီ။ နောက်တချက်က ကာကွယ်ရေးပစ္စည်း ဝယ်ချိန်မှာ သူ့သားက ကြားကနေ အမြတ်စားနေတဲ့ ကိစ္စတွေက နိုင်ငံတော်၊ တပ်မတော်ရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တာဖြစ်ပေမဲ့ အသေးစိတ်တွေကို တင်ပြရရင် နိုင်ငံ့လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတွေမှာ ထိခိုက်နိုင်မယ်လို့ ငါ ယူဆတဲ့အတွက် ကော်မရှင်ဖြစ်ဖြစ်၊ မီဒီယာမှ တဆင့်ဖြစ်ဖြစ် ဆက်လက်မဆွေးနွေးလိုပါ။ ငါတို့တပ်ထဲမှာ စစ်ဆေးနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ငါ ယုံကြည်ပါတယ်။ မီဒီယာတွေမှာလည်း ဒါတွေက တနေ့တမျိုး တခြားအရာရှိကြီးတွေ မိသားစုတွေရဲ့ သတင်းတွေပါ အတိအကျ ထွက်လာနေပါပြီ။ တပ်က တာဝန်ယူလုပ်ကိုင်နေတဲ့ ဦးပိုင်၊ အမ်အီးစီနဲ့ ပတ်သက်တဲ့ အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံးဟောင်း မြေနေရာနဲ့ ပတ်သက်တဲ့ အဂတိအမှုကိုတော့ ဒီမှာ ပြောလိုက်ပါ့မယ်။

ဒီမြေနေရာကို စင်ကာပူနိုင်ငံက Soilbuild ကုမ္ပဏီကြီးနဲ့ အမ်အီးစီနဲ့ JV လုပ်ပြီး အိမ်ရာစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်ဖို့ အောင်စိုးသာကို ကြားခံပြီး ကိုမင်းအောင်လှိုင် သမီးက SoilBuild ကနေ ဒေါ်လာ သန်း ၂၀ ယူခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း မိသားစုက ရသလောက်ယူပြီးမှ လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာနဲ့ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှာ ဒီကိစ္စ ပေါ်လာတာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး တချို့က တကယ်မှန်ရဲ့လား၊ အရပ်ဘက်က မဟုတ်တမ်းတရား စွပ်စွဲတာတွေ ဖြစ်နေဦးမယ်လို့ ငါ့ကို ပြောကြပါတယ်။ အရပ်ဘက်က ကြားရတာလောက်နဲ့ ငါ မပြောပါဘူး။ ဒါတွေက တပ်ထဲက လူငယ်တွေ သမိုင်းသစ်ကို တည်ဆောက်ဖို့ သူတို့ကိုယ်တိုင် ချပြနေလို့ပါ။ ဒီလို မသမာမှုတွေဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်နစ်နာစေတာတွေပဲ။ တာဝန်သိတဲ့ အဖွဲ့များ ဆက်ပြီး စစ်ဆေးကြပါတော့။ နိုင်ငံတကာကုမ္ပဏီကြီးဖြစ်လို့ သက်ဆိုင်ရာ သံရုံးမှတဆင့် စင်ကာပူနိုင်ငံကလည်း ဒီကုမ္ပဏီကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးတော့မယ်လို့ ယုံကြည်ပါတယ်။ သူတို့နိုင်ငံတွေမှာ ဒီလိုမသမာမှုတွေကို လာဘ်ပေးလာဘ်ယူမှုတွေကို လုံးဝ သည်းမခံပါ။ ဒီလိုပဲ၊ ကိုမင်းအောင်လှိုင်မိသားစုက ရာထူးအရှိန်အဝါကို အသုံးချပြီး တခြားသော အကျင့်ပျက် ခြစားမှုတွေ၊ မတရားစီးပွားရှာမှုတွေ လုပ်ခဲ့တာတွေ ရှိပါသေးတယ်။ ဆက်ပေါ်လာမှာပါ။ အာဏာရှင်တွေ ခေါင်းဆောင်ပိုင်းတွေရဲ့ အဂတိဆိုတာ လက်ထဲကို ငွေထည့်တာမျိုးလောက် မဟုတ်ပါဘူး။ အများစုက မရသင့်မရထိုက်တဲ့ အခွင့်အရေးတွေကို အပြိုင်အဆိုင်မရှိ တရားဝင်လုပ်သလို လှည့်ပြီး အမြတ်ထုတ်ကြပါတယ်။ တပ်ခေါင်းဆောင်တွေ ယခင်အစိုးရ အဖွဲ့ဝင်တွေကို ပြင်ဦးလွင်မှာ၊ နေပြည်တော်မှာ၊ ရန်ကုန်၊ မန္တလေး အထင်ကရ လူကုံထံ ရပ်ကွက်တွေမှာ၊ သစ်တောမြေတွေမှာ  မြေနေရာချပေး၊ ကြားက လုပ်ငန်းရှင်က မတန်တဆ လျှော့ဈေးနဲ့ အိမ်ရာအဆောက်အဦတွေ ဆောက်လုပ်ပေးပြီး ဝေစုခွဲယူ၊ အများက မကပ်နိုင်တဲ့ အခွင့်အရေးတွေ လုပ်ပိုင်ခွင့် လိုင်စင်တွေကို မိသားစုတွေကို ချပေး၊ ဒါတောင်မှ လူကြီးအများစုက ကိုယ့်ငွေ တစ်သိန်းလောက်တောင် မစိုက်ဘဲ လက်လှည့်ရောင်းရုံနဲ့ မိသားစုတွေ ကြီးပွားချမ်းသာလာတာတွေ အားလုံးဟာ အဂတိလိုက်စားမှုတွေ ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အဖွဲ့တွေလည်း ထိုနည်းလည်းကောင်း လုပ်ခဲ့ကြရင် တရားစွဲကြပါ။ ဥပဒေဆိုတာ အားလုံးကို သာတူညီမျှ ရှိရပါမယ်။ ငါတို့အားလုံး သတိချပ်သင့်တာက ကျော်စောသတင်းနဲ့ သိသိသာသာ ထင်ပေါ်ကျော်ကြားလောက်အောင် ချမ်းသာနေတဲ့ လူကြီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဘယ်သို့ဘယ်ပုံ ချမ်းသာလာကြသလဲ ဆိုတာပဲ။ ပိုင်ဆိုင်မှုတွေကို စစ်လိုက်ရင် အကုန်ပေါ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေ သမာသမတ်ရှိကြရင်၊ သတ္တိရှိကြရင် မိသားစုပိုင်ဆိုင်မှုတွေကို ချပြလိုက်ကြပါ။ သားသမီးတွေ မိသားစုတွေ ဥပဒေဘောင်အတွင်းက စီးပွားရေးလုပ်ကြပါ။ မတားပါဘူး။ ဒါပေမဲ့ လူကြီးရဲ့ အရှိန်အဝါနဲ့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငွေကြေးပစ္စည်းပိုင်ဆိုင်မှုတွေကို အလွဲသုံးစား လုပ်ပြီး နိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင်လောက်အောင် စီးပွားရှာကြတယ်ဆိုရင် အရေးယူရပါမယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်က လွှဲချတာတွေ၊ အမွေပြတ် စွန့်လွှတ်တာမျိုးနဲ့ လက်ရှောင်တာတွေတော့ မလုပ်ကြပါနဲ့။ တပ်မတော်သားပီပီ သတ္တိရှိရှိ မိမိနဲ့ မိမိရဲ့ မိသားစုရဲ့ အပြစ်တွေကို ဝန်ခံပြီး တာဝန်သိသိ နုတ်ထွက်ကြပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီစာကို ငါ ရေးတာဟာ ငါတို့ချစ်တဲ့ တပ်မတော်ကို အာဏာရှင် လောင်းရိပ်၊ ပါတီနိုင်ငံရေး လောင်းရိပ်က ကင်းဝေးပြီး ပြည်သူချစ်တဲ့ တပ်မတော်ကြီးအဖြစ် ပြန်လည်တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ပါ။ ညီငယ်များ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး ဒေါသခပ်သိမ်း အေးငြိမ်းကြပါစေ။ ဆူးငြောင့်ခလုတ်တွေ ဖယ်ရှားပြီး နိုင်ငံတော်ကို သမာသမတ်ရှိရှိ ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်ကြီးကို ဆက်လက်ထိန်းသိမ်း တည်ဆောက်နိုင်ကြပါစေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024