
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်တိုက်နယ်အတွင်းက ကျွဲခြံရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) တို့ အောက်တိုဘာ ၃ ရက်နေ့ မနက် ၄ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်တယ်။ အိမ်တွေကိုလည်း မီးရှို့သွားတယ်။ ကျနော်တို့ ရှောင်နေတဲ့နေရာကတောင် ရွာထဲက မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရတယ်။ ရွာထဲက နေအိမ်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေ ပိုက်ဆံတွေလည်း ယူသွားကြတယ်။ ကျနော်တို့မှာ မနက်ကတည်းက ပြေးကြရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး PDF ဘက်ကတော့ နှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့ခေါင်းဆောင်တစ်ဦးက “ဒီနေ့တိုက်ပွဲမှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ပေမဲ့ ကျနော်တို့ဘက်က လက်လုပ်သေနတ်တွေနဲ့ပဲ အများဆုံးခုခံရတယ်။ ဒီနေ့ တိုက်ပွဲ အခြေအနေကြောင့် စစ်ကောင်စီဘက်က အင်အားဖြည့်လာနိုင်ခြေရှိလို့ PDF အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး စိုးရိမ်ရနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က မသေမချင်း ခုခံတိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း တောင်ပြောက်တိုက်နယ် ဝင်းကဖော်ရွာမှာ စစ်တပ်နဲ့ ဒေါင်းမင်းစစ်ဆင်ရေးတို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လူနေအိမ်တွေကို မီးရှို့တာ၊ လုယက်တာအပြင် အသက် ၅၀ ကျော် လူကြီး ၁ ယောက်၊ လူလတ်လူငယ် ၃ ယောက်ကို ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။