
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာနေ ဒေသခံ စစ်ဘေးရှောင်အမျိုးသမီးတယောက် အောက်တိုဘာ ၂ ရက် မနက် ၈ နာရီလောက်က မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းနင်းမိသူမှာ အသက် ၄၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးဖြစ်ပြီး ရွာကို ရိက္ခာပြန်ယူစဉ် မိုင်းနင်းမိခဲ့ရာ ညာဘက် ခြေထောက်ပြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း သေးဆူလဲကျေးရွာနေသူတစ်ဦး ရိက္ခာယူဖို့ ပြန်လာချိန် မြေမြှုပ်မိုင်း နင်းမိရာမှ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နယ်မြေရှင်းလင်းနေဆဲကာလမှာ အိမ်ပြန်မလာကြဖို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက်မှစလို့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက် မနေ့ညနေ ၅ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ထီးလွီးဘီလာနဲ့ ငွေတောင်ရွာသစ်ကျေးရွာအနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ဦးသေဆုံးကာ တချို့ဒဏ်ရာရ သွားတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Photo - ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်