
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ မြို့နယ်စစ်ကောင်စီက မြို့ပေါ်နေပြည်သူတွေကို ဧည့်စာရင်း တိုင်ကြားကြဖို့ကို အောက်တိုဘာ ၁ ရက် ညနေ ၇ နာရီက မြို့ပေါ်မှာ လှည့်လည်ဆော်သြနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလို ဧည့်စာရင်းတိုင်ကြားဖို့ကို ဆော်သြတာဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက် ဖိအားပေးတာ ဖြစ်သလို ရမ်းဗြဲမြို့ဟာ တည်ငြိမ်အေးချမ်းနေတဲ့မြို့ ဖြစ်တဲ့အတွက် အခုလို ဧည့်စာရင်းတိုင်ကြားဖို့ကို ဖိအားပေး ခြိမ်းခြောက်လာပေမဲ့ ပြည်သူတွေအနေနဲ့တော့ ဧည့်စာရင်း တိုင်ကြားသွားမှာမဟုတ်ဘူးလို့ ရမ်းဗြဲမြို့ခံ ၁ ဦးက ပြောပါတယ်။
“ဧည့်စာရင်းစစ်တဲ့အချိန်မှာ ဧည့်စာရင်းမတိုင်တဲ့သူတွေ့ရင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်ဆိုပြီးတော့ မြို့နယ်စစ်ကောင်စီအမိန့်နဲ့ ထုတ်ပြန်တာပေါ့၊ ပြောရမယ်ဆိုရင် ဒီလောက်တည်ငြိမ်နေတဲ့ဒေသမှာ ဒီလိုအမိန့်ထုတ်တာဟာ ခြိမ်းခြောက်တာပေါ့။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ အခုလို ဧည့်စာရင်းတိုင်ဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့လည်း ကျနော်တို့ ကတော့ ဧည့်စာရင်းတိုင်ဖို့ကို စိတ်ကူးတောင် မရှိဘူးပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ရက္ခိုင့်တပ်တော်အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ Stay at Home သတ်မှတ်ခဲ့သလို ရခိုင်ပြည်သူတွေအနေနဲ့ မတရားပြုကျင့်ခံရတာတွေကို တိုင်ကြားနိုင်ဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနကို ဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ စစ်တပ်က ရခိုင်မှာ အင်အားတိုးချဲ့တာတွေနဲ့ စစ်တွေမြို့အပါအဝင် မြို့တချို့မှာ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။