Home
မြန်မာသတင်း
တရုတ်နှင့်ဆက်ဆံရေးတိုးမြှင့်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော
DVB
·
October 1, 2021

အောက်တိုဘာ  ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ချစ်ကြည်ရေး တိုးမြှင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့် ရှိနေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုးပေးပို့လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ၇၂ ကြိမ်မြောက် အမျိုးသားနေ့  အထိမ်းအမှတ်အနေနဲ့ တရုတ်ပြည်သူအားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန် တောင်းပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်လို့လည်း ဝန်ကြီးချုပ်က သဝဏ်လွှာထဲမှာ ပြောထားပါတယ်။ 

အိမ်နီးချင်းတွေအနေနဲ့ မြန်မာနဲ့ တရုတ်တို့ဟာ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ လွတ်လပ်ရေးရအပြီး မြန်မာ့ပထမဆုံး ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၀ မှာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး နိုင်ငံချင်း ချစ်ကြည်ရေး အုတ်မြစ်ကို တည်ဆောက်ဖို့ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ဖိတ်ခေါ်ချက်အရ တရုတ် နိုင်ငံတလွှား ခရီးဆန့်ခဲ့ပါတယ်။ 

မြန်မာအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်။

ဒါ့အပြင် အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင်ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့  သဝဏ်လွှာထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကတော့ ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်ကာ အစိုးရအဖွဲ့မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေက ထင်ရှားသူတွေ ပါဝင်ပါတယ်။

မေလ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်း လှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024