ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စုထဲက ရွာသားပိုင်မြေ ဧကပေါင်း ၅၀ ပေါ်မှာ UWSA ‘ဝ’တပ်ဖွဲ့ပိုင် ဟုန်ပန်းကုမ္ပဏီက သတ္တုနဲ့ ကျောက်မီးသွေးသန့်စင်စက်ရုံဆောက်ဖို့ မြေယာဆက်လက်ရှင်းလင်းနေ တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စက်တင်ဘာ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
နှစ်ရှည်လများ ပြဿနာပြေလည်မှုမရသေးတဲ့ အဆိုပါ မြေကွက်ပေါ်မှာ ရွာသားတွေ ကန့်ကွက်နေတဲ့ကြားထဲက ကုမ္ပဏီကအလုပ်သမားပေါင်း ၆၀ ကျော်နဲ့ နေ့စဉ်လာရောက်ရှင်း လင်းနေတာကြောင့် မူလမြေပိုင်ရှင်တွေ စိတ်လက်မချမ်းသာဖြစ်နေရတာပါ။
အဆိုပါမြေတွေဟာ ယခင်စစ်အစိုးရလက်ထက်က အသိမ်းခံထားရတဲ့ ရွာသားပိုင်မြေ ဧက ထဲမှာ ပါဝင်ပြီး စစ်တပ်ကနေ ‘ဝ’ တပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ဆက်လက်ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ သိမ်းဆည်းခံမြေယာတွေ ပြန်တောင်းဆိုခွင့်ရှိ ကြောင်း ကြေညာထားတဲ့အတွက် ရွာသားတွေက သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေထံ အဆင့်ဆင့်တိုင်ကြားထားခဲ့ပါတယ်။ ဒါပေမဲ့ မြေနေရာ ပြန်မရသေးတဲ့အပြင် မန်းဂနီးစ်သတ္တုနဲ့ ကျောက်မီးသွေးသန့်စင်စက်ရုံ တည်ဆောက်ဖို့ စီမံကိန်းစတင်လာတာဖြစ်ပါတယ်။

အဆိုပါစက်ရုံကနေထွက်လာမယ့် အညစ်အကြေးတွေဟာ ရွာသားတွေစိုက်ပျိုးရေးအတွက် အားထားနေရတဲ့ နမ့်ဟုတ်ချောင်းထဲစီးဝင်မှာဖြစ်သလို မီးခိုးငွေ့တွေဟာလည်း ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်မှာကြောင့် ဒေသခံတွေ သဘောမတူနိုင်တဲ့ထဲမှာလည်း ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကတော့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ ရွာသားတွေကို ရဲစခန်းမှာ ခေါ်တွေ့ဆုံပြီး မြေ ၁ ဧကအတွက် လျော်ကြေးငွေ ဘတ် ၃ သိန်း ( ကျပ် ၁၄၈ သိန်းခွဲ ခန့်)နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါငွေပမာဏဟာ ကာလပေါက်ဈေးထက်နည်း လွန်းတဲ့အပြင် စက်ရုံကြောင့် နောက်ထပ်ထိခိုက်မှုအကျိုးဆက်တွေရှိနေလို့ မြေပိုင်ရှင်ရွာသား ၆၉ ဦးက သဘောမတူဘဲ သိမ်းဆည်းခံမြေဧက ၁၀၀ ထဲက ဧက ၅၀ ကို ပြန်ပေးဖို့သာ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနေ့က ညှိနှိုင်းမှုမပြေလည်ခဲ့ဘဲ ရွာသားတွေအနေနဲ့ ပေးတဲ့ ငွေမယူရင်လည်း ကုမ္ပဏီဘက်က အဆိုပါမြေတွေဟာ အစိုးရဆီကနေ သူတို့လုပ်ပိုင်ခွင့်ရပြီးသားမို့ မြေတွေ အကုန်သိမ်းပြီး ဘာမှပေးမှာမဟုတ်ဘူးလို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းရာမှာပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကလည်း ရွာသား တွေဘက်က ရပ်တည်ကြောင်း တစုံတရာမပြောဘဲ တာချီလိတ်အုပ်ချုပ်ရေးမှူးကသာ မရိတ်ရ သေးတဲ့ စပါးခင်းတွေ မဖျက်ဆီးဖို့သာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ရွာသားတွေက ဒီကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ထပ်မံတိုင်ကြားထားပေမဲ့ အကြောင်းပြန်ကြားချက်မရသေးကြောင်း ၊ ရဲစခန်းကတော့ ကိုဗစ်-၁၉ ကာလ ရုံးတွေ ပိတ်နေလို့ ဘာမှလုပ်လို့မရသေးကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ကုမ္ပဏီရဲ့အလုပ်သမားတွေက တုတ်တွေဓားတွေကိုင်ဆောင်ပြီး နေ့စဉ်မြေယာလာရှင်းလင်းနေတာကြောင့် ရွာသားတွေလည်း မရင်ဆိုင်ရဲဘူးလို့ ဆိုပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကတော့ အာဏာပိုင်တွေဟာ ဒေသခံလယ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတာ၊ နယ်စပ်ဒေသပတ်ဝန်းကျင်ညစ်ညမ်းမှုအပေါ် ခြိမ်းခြောက်နေတာကို လစ်လျူရှုပြီး ‘ဝ’ တပ်ဖွဲ့ဘက်ကို လိုက်ပါရပ်တည်ပေးနေတာ ထင်ရှားလှကြောင်း၊ သူတို့အဖွဲ့အစည်းအနေနဲ့ အဆိုပါစက်ရုံစီမံကိန်းအားလုံးစွန့်လွှတ်ပြီး မြေယာတွေကို ပိုင်ဆိုင်သင့် ပိုင်ဆိုင်ထိုက်တဲ့ မြေပိုင်ရှင်အမှန်တွေထံ ပြန်လည်ပေးအပ်ဖို့ ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။