မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်စိုးက ယခင်အစိုးရလက်ထက်က တောင်သူတွေကို ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးရေးချေးငွေတွေကို ဇွတ်အတင်းကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတောင်သူတဦးက “ခေတ်ကလည်း မကောင်းဘူး။ စိုက်ပျိုးရေးကလည်း သီးနှံက မထွက်သေးဘူး၊ ဘာနဲ့ပေးရမလဲ။ သူက တောင်းရအောင် အုပ်ချုပ်ရေးမှူးလည်း မဟုတ်ဘူး။ ပေးစရာလည်းမရှိလို့ မပေးနိုင်ဘူး” လို့ ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်စိုးမှာ သား၊ သမီး ၄ ယောက်ရှိပြီး သား ၂ ယောက်ဟာ စစ်သားတွေ ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
“အဲဒီလူက လူကြီးရူး ရူးနေတာဗျ။ သားတွေအားကိုးနဲ့လည်း မိုက်နေတာပါတယ်။ ကျန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း စိုက်ပျိုးရေးချေးငွေတွေကို မိုက်ကြီးနဲ့ အော်တောင်းနေတာ။ မပေးတဲ့သူတွေကို နောက်တခါ နာမည်တပ်ပြီး အော်တောင်းမယ်လို့တောင် ပါသေးတယ်။ သူ့ထိုက်နဲ့သူ့ကံပဲဆိုပြီး လွှတ်ထားလိုက်တယ်” လို့ ဆွေမျိုးနီးစပ်သူတဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်စိုးကို စောင့်ကြည့်နေမှာဖြစ်ပြီး ပြည်သူ့အပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး နိုင့်ထက်စီးနင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်ပါက သူနဲ့သူ့မိသားစုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံက ပြောပါတယ်။