တရုတ်ပြည်တွင်းရေးကို ဝင်မစွက်ဖက်ကြရန် ဗင်နီဇွဲလားနှင့် ဘီလာရုစ် ပူးတွဲတောင်းဆို

ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား အမြဲတမ်း ကိုယ်စားလှယ်နဲ့ ဘီလာရုစ် အမြဲတမ်းကိုယ်စားလှယ်တို့ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ နိုင်ငံခြားစွက်ဖက်မှုကို ဆန့်ကျင်ကြောင်း  ဂျီနီဗာရှိ ကုလသမဂ္ဂရုံးမှာ စက်တင်ဘာ ၂၄ ရက်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ ပိုင်နက်ဂုဏ်သိက္ခာတို့ကို လေးစားပေးတာဟာ နိုင်ငံတကာဆက်ဆံရေးကို ဆောင်ရွက်နေတဲ့ အခြေခံစံနှုန်းတွေကိုလည်း ကိုယ်စားပြုတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်မစွက်ဖက်ရေးကို အလေးပေးပြောကြားထားတဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံရဲ့ကိုယ်စား  ပါကစ္စတန်က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားနဲ့ ဘီလာရုစ်တို့က ခုလို မှတ်ချက်ပေး ပြောဆိုသွားတာပါ။

ပူးတွဲကြေညာချက်ထဲမှာ ဟောင်ကောင်၊ ရှင်ကျန်းနဲ့ တိဘက်တို့နဲ့ သက်ဆိုင်တဲ့ကိစ္စတွေဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ တရုတ်ရဲ့ တနိုင်ငံ စနစ်နှစ်မျိုး အကောင်အထည်ဖော်မှုကို ထောက်ခံတယ်လို့လည်း ထပ်လောင်းပြောဆိုပါတယ်။ 

ကုလဆိုင်ရာ ဘီလာရုစ် အမြဲတမ်း ကိုယ်စားလှယ် ယူရီအမ်ဘရာဇီဗစ်ချ်က ပြောကြားရာမှာ “၂၀၂၀ ခုနှစ်ဇွန်လမှာ ဟောင်ကောင် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို တရုတ်က ပြဋ္ဌာန်းပြီးနောက်မှာ ဟောင်ကောင်ရဲ့ ပြည်တွင်းရေးအခြေအနေတွေ အကြီးအကျယ် အပြောင်းအလဲတွေ တွေ့ရကြောင်းနဲ့ ဒါကြောင့် ဒေသတွင်းကလူတွေဟာ သူတို့ရဲ့သာယာဝပြောပြီး ခေတ်မီတဲ့ပုံစံတွေ ပြန်ဖြစ်လာပြီးတော့ တရုတ်အစိုးရရဲ့ ဒီခြေလှမ်းတွေက ဒေသတွင်း အချုပ်အခြာအာဏာကို အပြည့်အ၀ အုပ်ချုပ်နိုင်ဖို့ အရမ်းသင့်တော်တယ်လို့ ယုံကြည်ကြောင်း” ပြောဆိုပါတယ်။

ဗင်နီဇွဲလားကိုယ်စားလှယ် ဟက်တာရိုဆဲလ်စ်ကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ့အခွင့်အရေး အကြောင်းပြချက်နဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေကို တရားမဝင် တဖက်သတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ခြင်းအတွက် ရှုတ်ချပြောဆိုသွားပါတယ်။

ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော်မှုကိုလည်း ထောက်ခံလိုက်ကြောင်းနဲ့ လူ့အခွင့်အရေး အကြောင်းပြပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေတဲ့ ပြင်ပအင်အားစုတွေကိုလည်း ဗင်နီဇွဲလားနိုင်ငံက အခိုင်အမာ ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up