
ကိုဗစ်တတိယလိုင်းအတွင်း ၄ လကြာရပ်နားထားတဲ့ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်သွား ခန္တီး-မုံရွာ လူစီး အမြန်ရေယာဉ်လိုင်းကို စက်တင်ဘာ ၂၅ ရက်က စတင်ပြေးဆွဲနေပြီလို့ ရေယာဉ်လိုင်းက သိရပါတယ်။
ရေယာဉ်ပိုင်ရှင် တစ်ဦးက “ကိုဗစ်ကူးစက်တာ လျော့ကျလာတာကြောင့် ပြန်ပြေးဆွဲခိုင်းလို့ ဒီနေ့ ပြန်ပြေးနေပြီ” လို့ ပြောပါတယ်။
အခု ခရီစဉ်မှာ လိုက်ပါလိုပါက ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်နဲ့ ရပ်ကွက်တွင်း နေထိုင်ကြောင်း ထောက်ခံစာပါရမှာဖြစ်သလို ကိုဗစ်စည်းကမ်းနဲ့အညီ ပြေးဆွဲရတာကြောင့် ခရီးသည်တွေဟာ လက်ဆေးတာ၊ MASK တပ်တာ လုပ်ရမယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်သွားရေယာဉ်တွေအနေနဲ့ ဒီနေ့ကစလို့ ခန္တီး- ဟုမ္မလင်း - ဖောင်းပြင် ၊ မော်လိုက်- ကလေးဝ- ကနီ ၊ မင်းကင်း - မုံရွာ စတဲ့ ခရီးစဉ်တွေကို ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
အခုပြေးဆွဲပေးနေတဲ့ ရေယာဉ်အသင်းတွေက မိုးဇင်ယော်၊ ဇွဲထက်နိုင်၊ MGRG၊ ငွေဇင်ဦး၊ ရွှေနဒီ စတဲ့အသင်းတွေဖြစ်ပြီး ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ် ၅၂ စီးရှိတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၅ ရက်လောက်ကစပြီး ရေယာဉ်တွေကို ရပ်နားထားရတာလို့ သိရပါတယ်။