မြို့ပြစစ်ဘေးအတွက် စိုးရိမ်နေကြသူတွေ

စက်တင်ဘာ ၂၁ နေ့ဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ပါ။ ငြိမ်းချမ်းရေးနေ့အဖြစ် ၁၉၈၁ ခုနှစ်မှာ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချပြီး စတင်ဆင်နွှဲလာခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံက ပြည်သူတွေကတော့ စစ်ဘေးဒုက္ခတွေကြားထဲမှာ အခုထိ မငြိမ်းချမ်းနိုင်ကြသေးပါဘူး။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ပြည်သူတွေကို စစ်ရှောင်စခန်းတွေဆီ တွန်းပို့နေဆဲပါ။

ဒီလို အခြေအနေမှာပဲ ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပါတယ်။ အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေကလည်း နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ခဲ့ကြတဲ့ ပြည်သူတွေကို ရန်သူသဖွယ် သဘောထားကာ လက်နက်အင်အား ၊ လူအင်အား အလွန်အကျွံသုံးစွဲပြီး စစ်မြေပြင်သဖွယ်ဖြိုခွင်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆိုတာ ပေါ်ပေါက်လာခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို ပြန်လှန်တွန်းလှန်တိုက်ခိုက်ဖို့ ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် တွန်းလှန်ချေမှုန်းဖို့ ကြေညာပြီးနောက်ပိုင်းမှာတော့ စစ်ပွဲတွေဟာ အရင်ကထက် ပိုစိတ်လာပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်တာတွေ စိပ်လာတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးရှောင်တွေဟာလည်း အရင်ကထက် ပိုများလာနဲ့အတူ မြို့ပေါ်နေပြည်သူတွေပါ သူတို့နေထိုင်ရာနေရာမှာ စစ်ဖြစ်လာမယ်ဆိုပါက ရှောင်ပြေးဖို့ ခက်ခဲတဲ့အတွက် သောကပင်လယ်ဝေနေရပြီး ငြိမ်းချမ်းရေးနေ့ကို မငြိမ်းချမ်းစွာနဲ့ ဖြတ်သန်းကြရမှာပါ။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲက ဆိတ်ဖူးတောင်နဲ့ လက်ဘက်တောင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(နေပြည်တော်)တို့ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ အခြေအနေကို စက်တင်ဘာ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပျဉ်းမနားမြို့မှ ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၄၀ကျော်အရွယ် ဒေါ်ယုယုက “ ဟိုနေ့ကဆို ဆိတ်ဖူးတောင်နားမှာ တိုက်ပွဲ ဖြစ်တယ်။ ကိုယ်တွေနဲ့ ဘယ်လောက်မှ မဝေးတော့ဘူးလေ။ ကိုယ့်အိမ်ရှေ့မှာလည်း မဖြစ်ဘူးလို့မပြောနိုင်ဘူး။ အဲ့ဒါ ကြောင့် အရေးကြီးတဲ့ပစ္စည်းတွေ အကုန်စုပြီး အထုပ်တစ်ထုပ်ထဲ ပေါင်းထည့်ထားတယ်”လို့ ဆိုပါတယ်။

အဲ့ဒီလို အရေးကြီးတဲ့ပစ္စည်းတွေ ထုပ်ပိုးထားပေမဲ့ အမှန်တကယ်စစ်ဖြစ်လာပြီဆိုရင်တော့ ဘယ်မှာပုန်းရှောင်ရမလဲ ဆို တာတော့ ဒေါ်ယုယုကိုယ်တိုင်လည်း မသိသေးပါဘူး။ နယ်မှာရှိတဲ့ အမျိုးတွေဆီကို သွားပြီးနေပါမယ်ဆိုတော့လည်း မိသားစု ငါးယောက်လုံးပြောင်းမယ်ဆိုရင်လည်း နယ်မှာအဆင်ပြေမှာမဟုတ်သလို၊ လူခွဲပြီးသွားနေပါမယ်ဆိုတော့လည်း မဖြစ်နိုင်တဲ့အတွက် ဖြစ်လာရင်လည်း မိသားစုတွေအတူတူရင်ဆိုင်ကြမယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်နေတယ်လို့ ဒေါ်ယုယုက ဆက်ပြောပါတယ်။

ဘယ်နေ့ကြုံရမလဲမသိတဲ့ တိုက်ပွဲတွေကို မြို့ပြနေ ပြည်သူတွေအဖို့ မဖြစ်သေးတဲ့ အခြေအနေမှာတောင် တွေးပြီး ပူပန် နေကြရတာဟာ ဒေါ်ယုယုလို ပျဉ်းမနားမြို့ပေါ်က ပြည်သူတွေတင်မကဘဲ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ နေထိုင်တဲ့ ပြည်သူတွေပါ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

“ မငြိမ်းချမ်းတဲ့အပြင် အခုအခြေနေက လမ်းသွားလမ်းလာတွေကိုပါ စစ်ဆေးမေးမြန်းတာလုပ်ပြီး မသင်္ကာရင် အိမ်တွေ အထိလိုက်လာပြီး ဖမ်းဆီးသွားတာတွေ၊ စစ်ကြောရေးမှာတင် အသက်ပျောက်သွားတာတွေရှိနေတော့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အိမ်ထဲမှာနေတာကိုပဲ လုံခြုံမှုမရှိဘူး” လို့ ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်က အိမ်ရှင်မတစ်ဦး ဖြစ်သူ ဒေါ်ခင်မမ (အမည်လွှဲ)က ပြောပါတယ်။

“ ရန်ကုန်မှာသာ နေနေတယ်။ မလုံခြုံတဲ့နေ့တွေကိုပဲ ဖြတ်သန်းနေရတယ်။ ”လို့ ဒေါ်ခင်မမက ဆိုပါတယ်။

နေထိုင်ရတာ မလုံခြုံတဲ့အပြင် တစ်ဘက်မှာလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါလာတဲ့အတွက် တစ်ရက်စာအတွက်တောင် စားဖို့သောက်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အခုအခြေအနေက အမြန်လွတ်မြောက်ချင်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းကာ ကောင်းမွန်တဲ့အစိုးရတစ်ရပ် လိုချင်တယ်လို့ ဒေါ်ခင်မမက သူ့ရဲ့ ဆန္ဒ ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ့်အခြေအနေမှာ တိုက်ပွဲတွေနဲ့ ရင်းနှီးမှုမရှိတဲ့ မြို့ပေါ်နေပြည်သူ တွေအတွက် ရင်ဆိုင်ရမယ်ဆိုရင် ပိုမိုခက်ခဲမယ်ဆိုတာ သိပေမဲ့လည်း စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုတွေ၊ လူသား မဆန်စွာ ညှဉ်းပမ်းနှိပ်စက်မှုတွေကြောင့် အခုလို ပြန်လည်ခုခံတာကို ပြည်သူအများစုက အားပေးကြပါတယ်။

အဲ့ဒီလို အားပေးသူထဲမှာ ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အသက်၃၂ နှစ်အရွယ် မဇာဇာ (အမည်လွှဲ) လည်း ပါဝင်ပါတယ်။ မဇာဇာဟာ ကလေးမီးဖွားထားတာ တစ်လမပြည့်သေးတဲ့အတွက် အခုကာလမျိုးမှာ ပြေးရလွှားရတာ မလွယ်ကူမှန်းသိပေမယ့် စစ်ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့တော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါတယ်။

“ ပြင်ဆင်ထားတာတော့ကြာပြီ။ ကိုယ်က ကလေးငယ်နဲ့ဆိုတော့ ဆေးရယ်၊ အဝတ်ထုတ်ရယ်၊ စာရွက်စာတမ်းရယ် ဒါတွေစုထားတယ်။ ဖြစ်ပြီဆိုတာနဲ့ ပြေးရမယ့် အခြေအနေဆို အထုတ်ဆွဲပြီး ပြေးရုံပဲ” လို့ မဇာဇာပြောပါတယ်။

မြို့ပေါ်နေ ပြည်သူအများစုက အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ကြရသလို လူနေမှုလည်း သိပ်သည်းတဲ့အတွက် ပြေးရ လွှားရမယ်ဆိုရင် ကျေးလက်နေပြည်သူတွေထက် ပိုပြီးခက်ခဲနေတာတော့အမှန်ပါပဲ။ ကျေးလက်နေ ပြည်သူတွေက ရှောင်ပုန်းစရာ တောတောင်တွေရှိသလို၊ အများစုက ခြံကွက်အကျယ်ကြီးတွေမှာ နေထိုင်တဲ့အတွက် ဗုံးခိုကျင်းတွေ ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ တူးထားတာတွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ်မှ စစ်ရှောင်အမျိုးသမီးသူများရဲ့လိင်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရေးကြီးတဲ့ ပစ္စည်း၊ စာရွက်စာတမ်း၊ အထားခံတဲ့စားစရာ တစ်ချို့၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်မီး ဒါတွေကို စစ်ဖြစ်လာလို့ ပြေးရတဲ့ အခြေအနေနဲ့ ကြုံလာရင် မဖြစ်မနေ ယူဖို့လိုအပ်တယ်လို့ အကြံပြုပါတယ်။

စစ်ပွဲတွေ ဖြစ်တိုင်းမှာ အမျိုးသမီးတွေဟာ အသုံးချခံတွေ ဖြစ်နေတဲ့အတွက် အမျိုးသမီးတွေရဲ့လိင်မှုပိုင်းဆိုင်ရာ လုံခြုံရေး အတွက်လည်း ကြိုပြီး ပြင်ဆင်ထားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

“ အမျိုးသမီးတွေက တစ်စုတစ်စည်းတည်းနေဖို့လည်း မဖြစ်နိုင်ဘူးဆိုတော့ ကိုယ့်ကိုကိုယ်ပြန်ပြီး ကာကွယ်နိုင်အောင် ပြင် ဆင်ထားသင့်တယ်။ အဖက်ဖက်က အစော်ကားမခံရအောင်ပေါ့။ ပြန်ပြီး တုံ့ပြန်နိုင်တဲ့ ကိုယ်ခံပညာမတတ်ဘူးဆိုရင် လည်း လက်နက်တခုခုတော့ ကိုယ့်မှာရှိထားသင့်တယ်” လို့ အဆိုပါ အမျိုးသမီးက မှတ်ချက်ပေးပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နေရာအနှံ့အပြားမှာ စစ်ကောင်စီဝင်တွေကို ပြန်လည်ခုခံနေပြီဖြစ်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ အဖြေရှာရင်ရှာ၊ မရှာရင်တော့ တိုက်ပွဲဖြစ်တဲ့ အရှိန်ရပ်တန့်ဖို့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

“ မြို့နေလူထုတွေပါ ထိတ်ထိတ်လန့်လန့်ဖြစ်ပြီး ကျီးလန့်စာစားရသလိုမျိုးဖြစ်နေတာ။ ကိုဗစ်လည်းကြောက်ရ၊ ရိုးရိုးသားသား ကိုယ့်စီးပွား ကိုယ်ရှာနေပေမယ့်လည်း အန္တရာယ်မကင်း၊ ဘယ်နေရာက ဗုံးထကွဲလိုက်မလဲ၊ ဘယ်နေရာမှာ တိုက်ပွဲ တွေဖြစ်ပြီး ကိုယ်က ကြားညှပ်ပြီးတော့ အသေခံလိုက်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေကြတာပါ” လို့ သူကဆက်ပြော ပါတယ်။

မြို့ပေါ်နေပြည်သူတွေမှာ ဒီလိုစိုးရိမ်မှုတွေဖြစ်နေသလို ကျေးလက်နေ ပြည်သူတစ်ချို့မှာ စစ်မဖြစ်ခင်ကတည်းက ပြေးလွှား နေရတာတွေလည်း ရှိနေပါတယ်။

“ မိုင်တဲ တာဝါတိုင်တွေ ဖျက်ဆီးခံရတော့ စစ်တပ်ကရွာတွေကို ဝင်စစ်တယ်။ မေးမြန်းရင်းရိုက်နှက်တာတွေ၊ ပေါ်တာဆွဲမှာ ကြောက်တော့နေ့လည်ဖက်ဆို အိမ်မှာမနေရဲလို့ တောထဲရှောင်နေရတယ်။ အဲ့လိုရှောင်နေလို့ PDF လို့ထင်ပြီး ပစ်မှာ လည်း ကြောက်နေရတယ်” လို့ မကွေးတိုင်းဘက်က အခြေအနေတစ်ခုကို ဥပမာပေးပြီး နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေ အနေကို နိုင်ငံရေး လေ့လာသုံးသပ်သူက ထောက်ပြပါတယ်။

ဒီလိုစစ်ဘေးဒုက္ခတွေဟာ တိုင်းရင်းသားဒေသက ပြည်သူတွေဟာ နှစ်ပေါင်းများစွာခံစားလာခဲ့ကြရတာပါ။ မငြိမ်းချမ်းမှု တွေရဲ့ပြယုဂ်တွေဟာ တိုင်းရင်းသားဒေသတွေမှာတင် မဟုတ်တော့ဘဲ မြို့ကြီးတွေမှာ နေထိုင်တဲ့ ပြည်သူတွေပါ စစ်ဖြစ် မယ့် အခြေအနေကို စိုးရိမ်နေရတဲ့ ကာလပဲဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်စဲပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်ချင်တာတော့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်တဲ့ ပြည်သူအားလုံးရဲ့ အန္တိမ ရည်မှန်းချက်ပဲဖြစ်ပါတယ်။

အေးချမ်းစွာနေထိုင်ချင်ပေမယ့်လည်း ဖြစ်တည်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် အဆိုးဆုံး အခြေအနေဖြစ်လာရင် လည်း လက်ခံနိုင်ဖို့ ဆုံးဖြတ်ထားသူတွေလည်း ရှိနေပါတယ်။

ဒေါ်ယုယုကတော့ တကယ်လို့ သူနေတဲ့နေရာမှာ စစ်ဖြစ်လာရင်လည်း ပြေးဖို့မြေမရှိတဲ့အတွက် သေပဲသေသွားမလား၊ မသေလို့ ကျန်ရင်လည်း တိုင်းပြည်ဘာဆက်ဖြစ်မလဲဆိုတာ သိရဦးမှာပေါ့လို့ မသေချာတဲ့ အနာဂတ်အတွက် သူက စိုးရိမ် စွာနဲ့ ဆိုလိုက်ပါတယ်။

Honest Information (HI)။ ။

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up