
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၂၁ ရက် မနေ့ည ၈ နာရီလောက်က စစ်ကောင်စီရဲ့ စစ်တပ်ကို လက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ်အငယ်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြဝတီမြို့အထွက် အာရှလမ်းဘေးမှာ တည်ရှိတဲ့ ခလရ (၂၇၅) တပ်ကို လာရောက်တိုက်ခိုက်ရာ မိနစ်အနည်းငယ်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားဖြစ်ပြီး ထိခိုက် သေဆုံးမှုတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားရာ အနီးနေထိုင်သူ တစ်ဦးက “ပစ်ခတ်မှုကတော့ သိပ်မကြာဘူး။ ဘယ်အဖွဲ့အစည်း ဆိုတာတော့ မသိရဘူး။ သေနတ်သံတွေကတော့ ကြားနေရတာပဲ။ ညဘက်ဆိုတော့ ဘယ်သူမှ မထွက်ရဲဘူး"လို့ ဆိုပါတယ်။
နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်သံ ၁ ချက်အပြင် မဲကနယ်ကျေးရွာ စိမ်းလဲ့မြိုင်ကားဝင်းအနီး တပ်စခန်းကနေ အကူပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ နှစ်ဘက် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ရှိ၊ မရှိမသိရသေးပါဘူး။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့တွင်း ဝင်ထွက် သွားလာသူတွေကို စစ်ဆေးနေသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။
မြဝတီမြို့မှာ ကိုဗစ်ကာလ Stay at Home သတ်မှတ်ထားပြီး အပြင်ထွက် သွားလာခွင့်ကို မနက် ၆ နာရီမှ ၁၂ နာရီအထိ ကန့်သတ်ထားပေမယ့် သတ်မှတ်ချိန်ကျော်လွန် သွားလာတာတွေရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။