ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်းပြီး အောင်ပန်းအထူးကာကွယ်ရေးတပ်(ADSF)တပ်ကို လာရောက်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။
စက်တင်ဘာလ ၁၈ ရက်မနက်က ပင်းတယ-အောင်ပန်းသွား ကားလမ်းဘေး နောင်ရဲရွာနဲ့ ဥမင်ရွာ အနီး စခန်းချထားတဲ့ အောင်ပန်းအထူးကာကွယ်ရေးတပ်ကို ဝင်တိုက်ခဲ့တာဖြစ်ပြီး နောင်ရဲရွာ ဥမင်ရွာသား ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
"ADSF အောင်ပန်းအထူးကာကွယ်ရေးတပ်က သူတို့လာမယ်ဆိုတာသိလို့ စောင့်တိုက်တာ စစ်တပ်နဲ့ PNOက လက်နက်ကြီးတွေ သုံးလာတော့ နောက်ဆုတ်ပေးလိုက်တယ်။ ကျဆုံးမှုတော့ မရှိဘူး။ တပ်စခန်းကိုတော့ ဆုတ်ခွာပေးလိုက်ရတယ်"လို့ ပြောပါတယ်။

အောင်ပန်းအထူးကာကွယ်ရေးတပ်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ NUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။