စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသလို ရွာတွေကို ရွေ့ပြောင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်စာကပ်တာ၊ လော်စပီကာနဲ့ ကြေညာတာတွေ စက်တင်ဘာ ၁၈၊ ၁၉ ရက် နေ့တွေက ထပ်မံ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်လုပ်ဗုံး၊ မိုင်းနဲ့ လက်နက်ကိုင်ဆောင်သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သွားမှာဖြစ်ပြီး ဆန္ဒပြ အကြမ်းဖက်လှုပ်ရှားမှုလုပ်တဲ့ ကျေးရွာတွေကို မိမိအိမ် မိမိရွှေ့စနစ်နဲ့ ရွှေ့ပြောင်းခိုင်းမှာ ဖြစ်တယ်လို့ လည်း ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။
ကဲဘာရွာ၊ ဆင်တလည်ရွာ၊ ညောင်ခြေထောက်ရွာတွေလည်း ပြောင်းရွှေ့ရနိုင်ပြီး ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲချင်းကျေးရွာတွေလည်း အလားအလာမကောင်းကြောင်း သိစေအပ်ပါတယ်လို့ စစ်ကောင်စီ ဖြန့်ဝေတဲ့ လက်ကမ်းစာရွက်မှာ ရေးသားထားပါတယ်။
အရာတော်မြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ကြွေပုဂံ (၂) ရွာ၊ မလဲသာ၊ ကန်ရင်း၊ မင်းရွာ၊ ကျီးကန်၊ နောင်ကြီးအိုင်၊ ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်၊ ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲချင်းရွာ စတဲ့ ရွာပေါင်း ၁၅ ရွာကို ရွှေ့ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။