မြန်မာပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေအမြန်ဆုံးပေးနိုင်အောင် ကြိုးစားမယ်လို့ ကိုရီးယားလွှတ်တော်ရေးရာကော်မတီက ကတိပြုပြောကြားလိုက်ပါတယ်။
NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံစဥ် လွှတ်တော်နိုင်ငံခြားရေးနဲ့ တောင်မြောက်ပေါင်းစည်းရေး ကော်မတီဝင်လည်းဖြစ်တဲ့ လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်ကတိပြုပြောကြားခဲ့တာပါ။
လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်ဟာ တောင်ကိုရီးယားသမ္မတကင်မ်ဒဲဂျွန်ရဲ့ သားလည်းဖြစ်ပါတယ်။
အဲဒီလိုတွေ့ဆုံစဥ်မြန်မာပြည်သူတွေစစ်အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့အပေါ် စာနာ နားလည်ကြောင်း ကင်မ်ဟွန်းဂေါ်လ်ကထည့်သွင်းပြောကြားခဲ့သေးကြောင်း မြန်မာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာကိုယ်စားလှယ်နဲ့အဖွဲ့ဟာ ကွယ်လွန်သူ ကိုရီးယားသမ္မတကြီး ကင်မ်ဒဲဂျွန်ရဲ့မြေး ကင်မ်ဂျွန်ဒဲ၊ လူငယ်ကင်မ်ဒဲဂျွန်အဖွဲ့ဥက္ကဋ္ဌ အီဒဲဆွန်းတို့ကို ဆိုးလ်မြို့ရှိ ရုံးခန်းကို သွားရောက် တွေ့ဆုံပြီး မြန်မာ့ဒီမိုရေစီအရေးအား ဆွေးနွေးခဲ့ကြပါတယ်။
လူငယ်ကင်မ်ဒဲဂျွန်အဖွဲ့က မြန်မာ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်တဲ့အထိ အမြဲ အားပေးထောက်ခံဝန်းရံသွားမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်အနေနဲ့ NUGအစိုးရကို အားပေးနေတဲ့ အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။