စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ဖမ်းဆီးတရားစွဲထားတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်တည်ထောင်သူ ဒေါ်မျိုးမျိုးအေးဟာ အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စက်တင်ဘာ ၁၅ ရက်နေ့က ထောင်တွင်းရုံးထုတ်တွေရှိတယ်ဆိုပြီး သတင်းကြားတဲ့အတွက် သွားရောက်စုံစမ်းရာမှာ ဒေါ်မျိုးမျိုးအေးကို တိုက်ပိတ်ထားတယ်ဆိုတာပဲသိရပြီး ဘာကြောင့်ဆိုတာတော့ မသိခဲ့ရပါဘူး။”
စစ်အာဏာရှင်ဆန့်ကျင်တဲ့ အလုပ်သမားသပိတ်တွေကို ဦးဆောင်ခဲ့လို့ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဧပြီလထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကို ကိုဗစ်ကြောင့် လော့ဒေါင်း ချထားတာကြောင့် မိသားစုတွေဟာ အဖမ်းခံရသူတွေနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင် ၁၄ ယောက်နဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS- TUsF ရဲ့အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
တခြားအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်နေတာ ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေကို အပြင်းအထန်ရှုတ်ချတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်မျိုးမျိုးအေးဟာ အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေထဲမှာ အရင်ဆုံးအဖမ်းခံခဲ့ရသူဖြစ်ပါတယ်။
အလုပ်သမားအရေဆောင်ရွက်နေသူတွေကို ဖမ်းဆီးတရားစွဲအနိုင်ကျင့်နေတာတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO က အကူအညီပေးစေချင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားအရေးဆောင်ရွက်သူတွေကို ဖမ်းဆီးတာတွေကြောင့် အခြေခံလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း တရားမဲ့ပြုကျင့်တာတွေနဲ့ ပိုမိုကြုံတွေ့လာရတယ်လို့ စက်ရုံလုပ်သားတချို့က ပြောဆိုကြပါတယ်။