နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၄ မှုကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်စစ်ဆေးဖို့ စက်တင်ဘာ ၁၇ ရက် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီနေ့မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို နေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးတစ်ယောက် ပါဝင်ခဲ့ပါတယ်။
ဒီအမှုကို အောက်တိုဘာ ၁ ရက်နေ့ သောကြာနေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး တစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်း ရုံးချိန်းခေါ်သွားမှာဖြစ်ပါတယ်။
မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုစွဲထားတာဖြစ်ပေမယ့် နေပြည်တော် ဇမ္ဗူသီရိ ခြံအမှတ် ၁ အထူးတရားရုံးမှာပဲ အမှုတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဂတိအမှုတွေမှာ နေပြည်တော် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမင်းသူလည်း ပါဝင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာကြောင့် ဦးမင်းသူအတွက် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွင်းဖို့လည်းရှိနေပါတယ်။
ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှုကိုလည်း နေပြည်တော်မှာပဲ စစ်ဆေးဖို့ဖြစ်လာနိုင်ပြီး အကျိုးအကြောင်းအတိအကျကိုတော့မသိရသေးဘူးလို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုအတွက် ရှေ့နေတွေကို ပါဝါလွှဲစာမှာ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဒီကနေ့မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးမှာ တရားရုံးကလက်ခံရယူခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီးဖမ်းဆီးထားပြီး အစပိုင်းမှာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ နဲ့ ပို့ကုန်သွင်းကုန် ဥပဒေတွေအပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။
ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှု စုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။