Home
မြန်မာသတင်း
ဆောမြို့နယ်တိုက်ပွဲတွင် စစ်တပ်က ၁၀ ဦးထက်မနည်းဒဏ်ရာရ၊ မြို့သစ်ပြည်သူထောင်ချီ တိမ်းရှောင်နေရ
DVB
·
September 17, 2021
240452096_2665792527055525_903811967105114651_n

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရကနေ့ မွန်းလွဲပိုင်းက ဆော PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၀ ယောက်ထက်မနည်း  ဒဏ်ရာရသွားတယ်လို့ ဆော PDF ကထုတ်ပြန်ပါတယ်။

ဆော-ကံကြီး လမ်းပိုင်းမှာ မွန်းလွဲ ၃ နာရီခွဲလောက်က လမ်းဘေးဝဲယာကို ပစ်ခတ်ပြီးတော့ တက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို ဆော PDF အထူးပြောက်ကျား မိုင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

မြေပြင်တိုက်ပွဲ အခြေနေအရ သေဆုံးတဲ့ စာရင်းကို အတိကျ အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေမယ့် ဆော PDF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖြတ်သန်းသွားလာတာတွေမပြုလုပ်ကြဖို့ ကြေညာထားတဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး မိုင်းပေါက်ကွဲတာတွေရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မကျည်းကုန်းကြီးကျေးရွာမှာလည်း စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက အကြမ်းစစ်အုပ်စုတွေ ဝင်ရောက်မွှေနှောက်တာကြောင့် အိမ်ခြေ ၈၀၀ လောက်က ပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကျည်းကုန်းကြီးကျေးရွာမှာ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ ဒလန်တွေက PDF အဖွဲ့တွေ ရှိတယ်ဆိုပြီး သတင်းပေးတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၃၀ လောက် ဆိုင်ကယ် ၁၆ စီးနဲ့ ဝင်ရောက်မွှေနှောက်ခဲ့ကြတာလို့ ရွာသားတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ NLD ပါတီဝန်းရံတဲ့ ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို ဝင်မွှေသလို့ ဘုန်းကြီးကျောင်းကိုလည်း ဝင်မွှေသွားကြပြီးတော့ မွန်းလွဲ ၂ နာရီလောက် ပြန်သွားတယ်လို့ သိရပေမယ့် ရွာကို ဒရုန်းတွေနဲ့ ကင်းထောက်နေတယ်လို့ သိရတာကြောင့် မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

မြို့သစ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုတွေဟာ ဒေသခံပြည်သူ ၇ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024