
မကွေးတိုင်း မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကို စက်တင်ဘာလ ၁၄ ရက်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်ထဲက စံပြကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ၁၀ နှစ်ရွယ် ကလေး ၂ ဦးအနက် တစ်ဦးကို ရေကူးနေတုန်းပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးကိုတော့ နှိပ်စက်ညှဉ်းပန်းကာ နေအိမ်အတွင်းမှာ မီးရှို့သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၉ နှစ်အရွယ် လူငယ်ကိုလည်း ပစ်သတ်သွားခဲ့ပါတယ်။
ဒေသခံတဦးက “အနီးအနား ပတ်ဝန်းကျင်ရွာတွေ အကုန်ဝင်သွားတယ်။ ဆယ်နှစ်အရွယ် ကလေး ၂ ယောက်နဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ကိုလည်း သတ်သွားတယ်။” လို့ ပြောပါတယ်။
ပစ်သတ်ပြီး မကြာခင်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေ ထွက်သွားကြပြီး ဒေသခံတချို့လည်း အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။