
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျန်မာရေးပြန်သက်သာလာပြီး နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံး၊ ရုံးချိန်းကို လာရောက်ခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
"မနက် ၈နာရီခွဲမှာ အတိုင်ပင်ခံ၊ သမ္မတ၊ ဒေါက်တာမျိုးအောင်တို့နဲ့ ကျနော်တို့ ရှေ့နေအဖွဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ကြည့်ရတာ ပြန်သက်သာလာပါတယ်။ သူကတော့ ခေါင်းမူးနေတုန်းပဲလို့ပြောပါတယ်" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရားခွင်ကိုအလာ ကားမူးပြီး နေထိုင်မကောင်းလို့ တရားရုံးကိုခွင့်တိုင်ပြီး အနားယူခဲ့ရတာပါ။
ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုအတွက် ရှေ့နေတွေကို ပါဝါလွှဲစာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဥပဒေအမှုကို စစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအမှု ၅ ခုမှာ လေးမှုက မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုထားတာဖြစ်ပြီး တစ်မှုကတော့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင် ဖမ်းဆီးထားပြီး နောက်ပိုင်းမှာ ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁မှု အထိရှိနေပါတယ်။