မြင်းခြံမြို့နယ် ယုန်ထိုး-ထိန်ပန်းလမ်းမပေါ်မှာ စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သား ၁၀ ဦး ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်နေချိန် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တဦးက “အဖွဲ့ရဲ့ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အောင်မြင်သွားခဲ့တယ်။ ဆိုင်ကယ်ကို မိုင်းခွဲဖို့ဆိုတာ သေချာစောင့်ကြည့်ပြီး ချိန်ကိုက်လှုပ်ရှားရတာဖြစ်လို့ ကျနော့်ကလေးတွေ တော်ကြတယ်။ ဒီကင်းလှည့်တဲ့ စစ်သားတွေက သူတို့ကင်းလှည့်နေတုန်း မသင်္ကာရင် တခါတည်း ဖမ်းသွားတတ်တယ်။ မိုင်းကွဲထားတဲ့ ပတ်ဝန်းကျင်က တချို့ဒေသခံတွေက ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ ဆိုင်ကယ် ၄ စီးထိခိုက်ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း၊ လွတ်မြောက်သွားတဲ့ စစ်သားတွေကတော့ အဲ့ဒီလမ်းပေါ်မှာပဲ သေနတ်တွေ တရစပ်ဖောက်ခဲ့တယ်လို့လည်း ပတ်ဝန်းကျင်က မျက်မြင်တွေက ပြောပါတယ်။
မြင်းခြံဒေသခံတစ်ဦးက "မိုင်းကွဲပြီး မကြာခင် စစ်ကားတစ်စီးရောက်လာပြီး အလောင်းတွေ လာကောက်သွားတယ်။ အခုတော့ လမ်းတဝိုက်မှာ လုံခြုံရေးတွေ ချထားတယ်။ ကင်းပုန်းတွေဖြစ်မှာ'' လို့ ပြောပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ တစုံတရာထိခိုက်မှု မရှိဘဲ အောင်မြင်စွာနဲ့ လုံခြုံတဲ့နေရာကို ဆုတ်ခွာသွားနိုင်ပြီလို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့မှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။