
စီးပွားရေးလုပ်ငန်းတွေအတွက် ကိုဗစ်ချေးငွေပြန်ဆပ်ရမယ့်ကာလကို ဒုတိယအကြိမ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။
ဒီချေးငွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှု အများဆုံးခံစားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် ချေးငွေ သက်တမ်းတစ်နှစ် အတိုးနှုန်း ၁ ရာခိုင်နှုန်း နဲ့ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဧပြီလကနေ စတင်ပြီး အသုတ်လိုက် ထုတ်ချေးပေးခဲ့တာပါ။ စစ်ကောင်စီ လက်ထက်မှာ ချေးငွေပြန်ဆပ်ကာလကို ၆ လသက်တမ်း နှစ်ကြိမ် သက်တမ်းတိုးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီချေးငွေတွေကို အရင်းနဲ့အတိုး တပေါင်းတည်းပြန်ဆပ်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို ပြန်လည်တောင်းခံတဲ့ ညွှန်ကြားချက်တစ်စောင်ကိုလည်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မူ တွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။