သိန္နီမြို့တွင် ဗုံး ၂ လုံး ပေါက်ကွဲ ၊ လူနေအိမ်၊ ဈေးဆိုင်နှင့် မော်တော်ယာဉ်အချို့ ဗုံးစထိမှန်

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့အဝင်၊ လာရှိုး- မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးမှာ စက်တင်ဘာ ၆ ရက် မနက် ၁ နာရီလောက်က ပြင်းထန်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက  ဒီဗွီဘီကို ပြောပါတယ်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရှိတဲ့ စည်ပင်စျေးက စျေးဆိုင်ခန်း​တွေ၊ လူနေအိမ်တချို့နဲ့ မော်တော်ယာဥ်တွေ ဗုံးစထိမှန် ပျက်စီးခဲ့ပေမယ့် လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ 

ဗုံးပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပွားပြီး စက္ကန့်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့စစ်ကား ၂ စီးဖြတ်သန်းသွားတယ်လို့  မြို့ခံတွေက ပြောပါတယ်။ 

"ဗုံးပေါက်ပြီး စက္ကန့်ပိုင်းပဲ စစ်ကား၂ စီးဖြတ်သန်းသွားတယ်။ အကြမ်းဖက်ကောင်တွေပဲ ပစ်ချခဲ့တာဖြစ်နိုင်တယ်။ ပြည်သူ့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတာ။ ဗုံးက ပြင်းတယ်။ ဗုံးစတွေက တော်တော်ဝေးဝေးထိ ရောက်တယ်။ ညဖြစ်လို့ လူတွေအထိအခိုက်မရှိတာ"လို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်​တွေနဲ့ နေထိုင်မကောင်းသူတွေ စိုးရိမ်ထိန့်လန့်ခဲ့ရတယ်လို့ အနီးအနားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေ လာရောက်စစ်ဆေးတာ၊ စုံစမ်းတာ မရှိဘူးလို့ သိရပါတယ်။

မကြာခဏဆိုသလို အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၁၆ က လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်တာတွေရှိပြီး မြို့တွင်းတိုက်ပွဲ​ ဖြစ်ပွားအောင် ဖန်တီးသလို ပြုလုပ်နေတဲ့အတွက် စိုးရိမ်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

သိန္နီမြို့ ပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုလမ်းမကြီးတလျောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ နေ့စဥ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

More News
Up