မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရေကြီးခဲ့တဲ့ ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ရေကြီးရေနစ်မြှုပ်ခဲ့တဲ့ ကျိုက်မရောမြို့နယ်က ပေါလော၊ ဖာသိမ်း၊ ဦးလေး၊ ငပြေမကျေးရွာ အပါအဝင် ကျေးရွာ ၈ ရွာလောက်မှာ ကျေးရွာနေပြည်သူ ၅ ပုံ ၁ ပုံလောက် နေထိုင်မကောင်း ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာ အများစုက ပြည်သူတွေဟာ ဆေးဝါး လက်လှမ်းမီရရှိမှု နည်းတာအပြင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြတဲ့အတွက်ကြောင့် နေအိမ်မှာပဲ ရောဂါကုသနေကြရပါတယ်။
ဒါအပြင် ကျေးရွာတွေအတွင်းမှာတော့ အနံ့ပျောက်သူတွေ ရှိလာပေမယ့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသလို ကျန်းမာရေး ဗဟုသုတ သိရှိမှု အားနည်းကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန်တွေကတော့ အခုနောက်ပိုင်းဟာ ကျေးရွာတွေမှာ ကိုဗစ်ဖြစ်ပွားမှုကို အထူးဂရုစိုက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
ကျိုက်မရောမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀၀ ကျော် တွေ့ရှိထားပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၅၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။