အကူအညီလိုအပ်နေတဲ့ ‘ဒါနဆန်များ မေတ္တာရပ်ခံပါတယ်ရှင်’

သည်းသည်းမည်းမည်းရွာချနေတဲ့ မိုးရေစက်တွေကြားကနေ ကျောင်းအပြင်ကိုငေးကြည့်ရင်း ဆရာကြီးဒေါ်ကုဏ္ဍလကေသီ တစ်ယောက် သက်ပြင်း အခါခါချမိတယ်။

ရန်ကုန်မြို့အပါအဝင် ဒေသတစ်ချို့မှာ အခြေအနေဆိုးနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဆရာကြီးဒေါ်ကုဏ္ဍလကေသီ အပါအဝင် ကျောင်းတိုက်က သီလရှင်ဆရာလေးတွေအကုန်လုံး ဆွမ်းဆန်ခံ မထွက်ရတာလည်း တစ်လနီးပါးရှိပြီ။ ရောဂါကူးစက်မှာကြောင့် အနီးအနားဝန်းကျင်တောင် မသွားလာတော့။

ကျောင်းတိုက်က သီလရှင်ဆရာလေးတွေ စားရေးသောက်ရေးအတွက် ဆန်ဆီဆားလို စားသောက်စရာတွေနဲ့ ဝတ္တုငွေတွေ ပုံမှန်လာလှူလေ့ရှိတဲ့ အလှူရှင်တွေလည်း နိုင်ငံရေးမတည်မငြိမ်တဲ့ ကာလကစပြီး တဖြည်းဖြည်းနည်းလာတာ ကနေ အခုကိုဗစ်ကပ်ရောဂါကာလအတွင်း မရှိသလောက်ဖြစ်လာတယ်။

ပုံမှန်လှူဒါန်းနေကျ ဒါယကာ ၊ဒါယိကာမတွေကိုယ်တိုင်က စီးပွားရေးကျပ်တည်းလာတဲ့အပြင် ကိုဗစ်ကူးစက်မှုကြောင့် မိသားစုဝင်တွေ ဖျားနာသေဆုံးတာတွေရှိတော့ ကိုယ့်ကျောင်းမှာ ခက်ခဲပေမဲ့ ဒါယကာ ၊ဒါယိကာမတွေဆီလည်း အပူ မကပ်နိုင်။

ဒီအကျပ်အတည်းတွေကြားထဲ ကျောင်းမှာ မှီတင်းနေထိုင်တဲ့ သီလရှင်တစ်ရာကျော်နဲ့ ရှေ့ဆက် ဘယ်လိုစခန်းသွားရမလဲ ဆိုတာက ဆရာကြီး ဒေါ်ကုဏ္ဍလကေသီ အမြဲတွေးပူနေရပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်းမှာ ပြည်သူအများအပြားက စီးပွားရေး၊ ငွေရေးကြေးရေး ကျပ်တည်း လာတဲ့အပြင် ကိုဗစ်တတိယလှိုင်းပါကြုံလာတော့ ဘက်ပေါင်းစုံကနေခက်ခဲလာကြတယ်။ ပြည်သူတွေ ကျပ်တည်းတော့ ပြည်သူလူထု ထောက်ပံ လှူဒါန်းမှုနဲ့ရပ်တည်နေရတဲ့ သာသာနာ့နွယ်ဝင်ပုဂ္ဂိုလ်တချို့ဆီကိုပါ ရိုက်ခတ်လာတော့တယ်။

ဒီလိုသာသနာ့နွယ်ဝင် ပုဂ္ဂိုလ်တွေထဲ ရဟန်းသံဃာတွေက လှူဒါန်းမယ့်သူပေါများတဲ့အတွက် ခက်ခဲတဲ့ကာလမှာ သိပ်မသိသာ ပေမယ့် နဂိုကတည်းက လှူဒါန်းမယ့်သူနည်းပါးတဲ့ သီလရှင်ဆရာလေးတွေကတော့ ဒီကာလမှာပိုကျပ်တည်း လာကြတယ်။

တစ်ပတ်မှာ တောဖိတ်၊မြို့ဖိတ်(ဥပုသ်နေ့မတိုင်ခင်နှစ်ရက်) ကျောင်းပြင်ထွက် ဒါနဆန်အလှူခံရတဲ့ သီလရှင်ဆရာလေး တွေမှာ ကပ်ရောဂါကြောင့် ဆွမ်းဆန်စိမ်းထွက်အလှူမခံနိုင်တော့သလို နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ကျောင်းကို လှူဒါန်းမဲ့သူတွေလည်း မရှိသလောက် နည်းပါးလာတဲ့အခါ စားဝတ်နေရေးအတွက် ခက်ခဲကျပ်တည်းလာကြတယ်။

” အလှုရှင်မရှိတဲ့အပြင် ဆွမ်းဆန်ခံမသွားရတော့ ခက်ခဲတာပေါ့ကွယ်၊ ဒီသီလရှင် တစ်ပြုံတစ်ခေါင်းနဲ့ ငါဘယ်လို ရပ်တည်ရ မလဲဆိုပြီး နေ့တိုင်းတွေးနေရတယ်”လို့ လှည်းကူးမြို့နယ်က သီလရှင်ကျောင်းတိုက်တစ်ခုက ဆရာကြီး ဒေါ်ကုဏ္ဍလ ကေသီ ကမိန့်ပါတယ်။

စစ်ဘေးရှောင်ဒေသတွေက တိုင်းရင်းသူလေးတွေကို လက်ခံပြီး စာသင်ကြားပေးနေတဲ့ ဆရာလေး ဒေါ်ကုဏ္ဍလကေသီတို့ ကျောင်းတိုက်က သီလရှင် ၁၁၀ ဝန်းကျင်ရှိပြီး အလှူရှင်တွေလှူဒါန်းတာ သူအပါအဝင် သီလရှင်ဆရာလေးတွေ ဆွမ်းခံ ထွက်တာနဲ့ ရပ်တည်နေတာပါ။

ဒီလိုရပ်တည်နေထိုင်လာရင်း ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေအထိ အဆင်ပြေခဲ့ပေမယ့် အာဏာသိမ်းကာလနဲ့ တစ်ဆက်တည်း ကိုဗစ်ကပ်ရောဂါ ကာလကြုံရချိန်မှာတော့ အကြပ်အတည်း တွေကြုံလာရတယ်။

အရင်ကိုဗစ်ကာလတုန်းက အလှူရှင်တွေနည်းပေမယ့် သီလရှင်လေးတွေ ဆွမ်းဆန်အလှူခံထွက်တာ ဒေါ်ကုဏ္ဍလကေသီ ကိုယ်တိုင်လည်း ရန်ကုန်က ဒါယကာ၊ဒါယိကာမတွေဆီ ဆွမ်းဆန်အလှူခံသွားတဲ့အခါ လှူဒါန်းကြတဲ့ ငွေကြေး ၊ မီးဖိုချောင် သုံးစားနပ်ရိက္ခာတွေနဲ့ အဆင်ပြေပြေ ရပ်တည်နိုင်ခဲ့ပါသေးတယ်။

အခုချိန်မှာတော့ ကိုဗစ်တတိယလှိုင်းကဆိုးရွားတဲ့အပြင် နိုင်ငံရေးမတည်ငြိမ်တဲ့ နောက်ဆက်တွဲ စီးပွားရေးကျပ်တည်း မှုတွေကို ဒါယကာ၊ဒါယိကာမတွေလည်းကြုံရတဲ့အခါ သူတို့ဆီကိုလည်းအကျိုး သက်ရောက်လာတယ်လို့ ဒေါ်ကုဏ္ဍလ ကေသီကပြောပါတယ်။

” ဆရာလေးတို့က ဗာဟီရအစုံ ခက်ခဲနေတာ စားစရာနဲ့ ပြင်ပကုန်ကျစရိတ်တွေက ရပ်ထားလို့မရဘူး။ အရင်က မပြေလည် ဘူးဆိုရင် ကလေးတွေကို ကျောင်းလေးတော့မတက်နဲ့ဦးဟေ့ ဆွမ်းခံသွားပြီးနေ့လည်မှတက်ပါ ကိုယ်တိုင်လည်း ရန်ကုန် သွားပြီး ဒါယိကာမတွေဆီ သွားအလှူခံရင် အဆင်ပြေတယ်။ အခုကအဲ့ဒီလို မရတော့ဘူး။” လို့ဒေါ်ကုဏ္ဍလကေသီက ပြောပါတယ်။

ဒီလို ပြည်သူတွေကျပ်တည်းနေတော့ ကိုယ့်ဒကာဒကာမတွေဆီလည်း အလှူမခံနိုင်တော့ဘဲ ရှိတဲ့ဝတ္တုငွေထဲကနေပဲ ကျောင်းတိုက်က သီလရှင်လေးတွေအတွက် စားဝတ်နေရေး အထွေထွေကို ဖြေရှင်းနေရတယ်လို့ ဆိုတယ်။

” ကျောင်းမှာ ဆန်နဲ့မီးဖိုချောင်ပစ္စည်းတွေရှိတော့ ဟင်းစားအတွက်တနေ့ တစ်သောင်းဆိုပြီး ဂေါ်ဖီထုပ်ကြော်ကျွေး၊ ကြက်ဥဆိုလည်း တသောင်းဖိုးဝယ်ပြီး တခြမ်းဆီစားကြပေါ့။ လှူချင်တဲ့သူတွေက ဆန်လှူမယ် ဆိုရင်တောင် ဆန်အကြမ်း ပဲလှူပါ။ တစ်အိတ်လှူမယ့်နေရာမှာ အကြမ်းဆို နှစ်အိတ်ရတယ်လေ “လို့ ဒေါ်ကုဏ္ဍလကေသီက မိန့်ပါတယ်။

အရင်ကိုဗစ်လှိုင်းတွေတုန်းက အစိုးရကစည်းကမ်းချက်တွေချမှတ်ထားပေမယ့် သီလရှင်လေးတွေက ဆွမ်းခံထွက်နိုင်သေး တယ်။ ပြည်သူတွေကလည်း အလုပ်အကိုင်တွေမကောင်းပေမဲ့ အစိုးရရဲ့ထောက်ပံ့မှုတွေ ပြည်သူအချင်းချင်းဖေးမ ကူညီမှု တွေကြောင့် အခြေအနေတွေက အရမ်းမခက်ခဲသေးပါဘူး။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက စီးပွားရေးပိုကျပ်တည်းလာကြတဲ့အပြင် ဘဏ်တွေမှာ ငွေထုတ်မ ရတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ငွေကြေးအခက်အခဲ ဖြစ်လာခဲ့ပြီး အလှူအတန်းတွေဘက် အားလျော့လာကြတယ်။

” အခုဆိုပြည်သူတွေကိုယ်တိုင်တောင် သုံးဖို့တောင်မရှိတော့ ဆရာလေးတို့ကျပိုဆိုးတာပေါ့။ ကျောင်းမှ လူတစ်ရာကျော် ဆိုတော့ ဆန်က မနှစ်ကစုထားတာနဲ့စားရတယ်” လို့ ရွှေပြည်သာမြို့နယ် စမ်းမြသီတာ သီလရှင်စာသင်တိုက်က တာဝန်ခံ ဆရာလေးကပြောတယ်။

ပရဟိတပညာရေးကျောင်းဖြစ်တဲ့ စမ်းမြသီတာ သီလရှင်စာသင်တိုက်မှာ သီလရှင်ဆရာလေးအပါး ၈၀ နဲ့ အခြား ကျောင်းသူ လေးတွေ အယောက်လေးဆယ်စုစုပေါင်း ၁၂၀ ဝန်းကျင် နေထိုင်ပါတယ်။

စမ်းမြသီတာ ကျောင်းတိုက်က သီလရှင်ဆရာလေးတွေက ဆန်အလှူခံမထွက်တာ ကိုဗစ်ဒုတိယလှိုင်းကတည်းကပါ။ ဒုတိ ယလှိုင်းတုန်းက ကျောင်းက သီလရှင်ဆရာလေးတွေ တစ်ရာကျော် ကိုဗစ်ကူးစက်ခဲ့ပြီးကတည်းက ဆွမ်းဆန်အလှူခံ မထွက်တော့တာ ယခုတတိယလှိုင်းအထိ။

ဒုတိယလှိုင်းကတည်းက ဆွမ်းဆန်အလှူခံမထွက်တော့ပေမဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ လှူဒါန်း ထောက်ပံ့မှု တွေ၊ နေ့ဆွမ်း ဆွမ်းကပ်လှူဒါန်းတာတွေနဲ့ ဒါယကာ၊ဒါယိကာမတွေ ငွေပဒေသာ စိုက်ထူပေးမှုတွေကြောင့် ကျောင်းတိုက် ရပ်တည်ရေး စိတ်မပူခဲ့ရပါဘူး။

အခုချိန်မှာတော့ ကျောင်းမှာ အလှူအတန်းတွေလည်းမရှိတော့တဲ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် လှူဒါန်းမယ့် သူတွေ လည်း ရှားပါးလာတယ်လို့ဆိုတယ်။

” အလှူအတန်းတွေက တော်တော်ကိုမရှိတော့တာ၊၂၀၂၁ကတည်းကခက်ခဲတာ တတိယလှိုင်းမှာ ပိုဆိုးလာတယ်။ ကိုယ့် ဒါယိကာမတွေထဲလည်းသေကြသူတွေရှိတယ်။”လို့ စမ်းမြသီတာကျောင်းတိုက်က တာဝန်ခံ ဆရာလေးကပြောပါတယ်။

အရင်လို ဆွမ်းဆန် အလှူခံထွက်ရင် ကျောင်းတိုက်အတွက် အစစအရာရာ အဆင်ပြေနိုင်ပေမယ့် ဒုတိယလှိုင်းမှာ ကိုဗစ် ဖြစ်ခဲ့ဖူးတော့ ယခုတစ်ကြိမ်ထပ်ဖြစ်မှာကို စိုးရိမ်ပူပန်ရတဲ့အတွက် အလှူခံမထွက်ဖြစ်သေးတာပါ ။

အရင်အကြိမ်တုန်းကအစိုးရရဲ့ ဆေးကုသ စောင့်ရှောက်မှုတွေ ပရဟိတအဖွဲ့တွေနဲ့ ဒါယကာ ဒါယိကာမတွေက လှူဒါန်းထောက်ပံ့ မှုတွေရှိတော့ မစိုးရိမ်ရပေမဲ့ အခုဖြစ်ရင်တော့ ကုသပေးမဲ့သူမရှိဘဲ ကျောင်းက သီလရှင်တွေ အကုန်ဒုက္ခများစေမှာ ဆိုတော့ သီလရှင်ဆရာလေးတွေကို အပြင်မထွက်ခိုင်းတာလို့ဆိုတယ်။

ကျောင်းတိုက်က သီလရှင်ဆရာလေးတွေနဲ့ အခြားမှီခိုသူ အားလုံးအတွက်နေ့စဉ်ဆွမ်းစရိတ်က အနည်းဆုံးခုနှစ်သောင်း ဝန်းကျင်ကျပါတယ်။ ဒီတော့ အရင်နှစ်တွေတုန်းက စုဆောင်းထားတဲ့ ဆန်ဆီ ရိက္ခာတွေ၊ အလှူရှင်တွေလှုဒါန်းထား တဲ့ငွေကြေးတွေနဲ့ဖြေရှင်းရတယ်။

” ကိုဗစ်ကာလမို့လို့ အားရှိအောင်စားလို့ဆိုပေမယ့် ဆရာလေးတို့ကတော့ အရင်လိုမစားနိုင်ဘူး။ ဟင်းစားဆို ငါးဆိုလည်း တစ်ယောက်တစ်တုံး။ ငပိ မဟုတ်ရင် ငံပြာရည်ကြော်၊ ပဲဟင်းနဲ့ပဲပေါ့ အရင်က ကြက်ဥတွေဆို တနေ့တလုံးကျွေးနိုင်တယ်။ အခုမကျွေးနိုင်တော့ဘူး”လို့ ဆရာလေးကဆိုတယ်။

နီးစပ်တဲ့ ဒါယိကာမတွေက အဆင်မပြေရင်ပြောပါလို့ပြောပေမယ့် သူတို့အခက်အခဲကိုသိတော့ ကျောင်းတိုက်အတွက် လိုအပ်တာတွေကိုလှူပါလို့ မပြောနိုင်ဘဲ ကိုယ့်ကျောင်းမှာရှိတာနဲ့ စားသောက်နေထိုင်ရတယ်လို့ ဆရာလေးက ဆက် ပြောပါတယ်။

မြို့ကြီးတွေက သီလရှင်စာသင်တိုက်တွေက သီလရှင်ဦးရေများတဲ့အပြင် စရိတ်စကကလည်းကြီးတော့ ဆွမ်းခံမထွက်ရတဲ့ ဒီကာလမှာ နယ်ကသီလရှင်ကျောင်းတွေထက် ပိုခက်ခဲပြီး ရုန်းကန်နေရတာတွေကို ကြားသိရပေမယ့် မကူညီနိုင်တာ စိတ်မကောင်းဖြစ်မိတယ်လို့ ကျောက်ပန်းတောင်းမြို့နယ် သဒ္ဓမနန္နီသီလရှင်စာသင်တိုက်မှ ဆရာလေး ဒေါ်ပဏီတဉာဏီ ကပြောပါတယ်။

ဆရာလေး ဒေါ်ပဏီတဉာဏီ တို့ကျောင်းကလည်း ဆွမ်းခံမထွက်ရတာတစ်လကြာပြီဖြစ်ပေယ့် နယ်ကျောင်းဖြစ်တဲ့အတွက် ဒေသခံတွေစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေလာလှူတာ ကိုယ့်ကျောင်းမြေ နေရာပိုတွေမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တဲ့အတွက် လတ်တလော စားဝတ်နေရေးက ဖြေရှင်းလို့ရသေးတယ်လို့ဆိုတယ်။

ဆရာလေး ဒေါ်ပဏီတဉာဏီကျောင်းက ရန်ကုန်မှာ ကိုဗစ်ရောဂါ ဆိုးတယ်ဆိုကတည်းက ဆွမ်းဆန်ခံထွက်တာ ရပ်နား ပြီး ကျောင်းပါဧည့်အလာမခံတော့ဘဲ နေနေရပါတယ်။

ဆွမ်းခံမထွက်တဲ့ ကာလအတွင်း ယခင်ကတည်းက စုဆောင်းထားတဲ့ ဆန်၊ဆီ၊ ကုလားပဲနဲ့ အခြောက်အခံ သိမ်းဆည်း ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်စားသောက်တဲ့အပြင် ကျောင်းမှာလည်း ကန်စွန်း ၊ ချဉ်ပေါင်၊ ဘူးသီးတို့လို ဟင်းသီးဟင်းရွက်စိုက်ပျိုးထားတဲ့အတွက် ကျောင်းမှာမှီခိုနေတဲ့ သီလရှင်ဆရာလေးတွေအတွက် လတ်တလောမပူပန်ရ သေးဘူးလို့ ဒေါ်ပဏီတဉာဏီကပြောပါတယ်။

ဒါပေမဲ့ ကျောင်းတိုက်က ဆွမ်းဆန်အလှူခံပြီး ရပ်တည်နေတာဖြစ်တော့ ကိုဗစ်ကြောင့် ဆွမ်းခံမထွက်ရတဲ့ အချိန်ကြာ ရှည်ရင်တော့ ရေရှည်မှာ မလွယ်ကူတဲ့အတွက် အဲ့ဒီအချိန်ရောက်ရင် တစ်မျိုးတစ်ဖုံ စဉ်းစားရတော့မယ်လို့ ဒေါ်ပဏီတ ဉာဏီ က ပြောပါတယ်။

” ဆွမ်းခံမထွက်ရတော့ လိုအပ်ချက်က အစုံဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒီကာလကရှိတာလေးနဲ့ ဖြေရှင်းနိုင်သေးတော့ အဆင် ပြေသေးတယ်။ဘယ်လောက်ကြာမလဲမသိတော့ အဲ့နောက်ပိုင်းကိုပဲပူ တယ်” လို့ဆရာလေးဒေါ်ပဏီတဉာဏ ကဆိုတယ်။

ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အခြေခံလူတန်းစားတွေကို စားနပ်ရိက္ခာမျှဝေတာတွေ၊ ဘုန်းတော်ကြီးကျောင်း တွေ၊ သီလရှင်ကျောင်းတွေနဲ့ မိဘမဲ့ဂေဟာတွေကိုပါမကျန် ထောင့်ပေါင်းစုံက နေ ပြည်သူမှပြည်သူကို ကူညီကြမယ်ဆိုပြီး ပရဟိတအဖွဲ့တွေက စေတနာရှင်တွေရဲ့ထောက်ပံ့မှုနဲ အကောင်းဆုံး မျှဝေခဲ့တာတွေရှိတယ်လို့ Clean Yangon ကမ်ပိန်းမှ ကိုဇေယျာထွန်းကပြောပါတယ်။

အာဏာသိမ်းပီးနောက်ပိုင်းမှာ ကိုဗစ်တတိယလှိုင်းထပ်ဖြစ်တော့ ပြည်သူတွေပိုလို့ ထိခိုက်နစ်နာရတယ်။ ပြည်သူတွေ ထိခိုက်နစ်နာတဲ့အခါ အလှူရှင်တွေပေါ်မူတည်ပြီး ရပ်တည်နေကြရတဲ့ ဘာသာရေးကျောင်းတွေ မိဘမဲ့ဂေဟာတွေနဲ့ သီလရှင်ကျောင်းတွေလည်း လဘ်လာဘနည်းပါသလို အတော်လေး ကျပ်တည်းနေကြရတယ်လို့ ဆိုတယ်။

” ကျနော်တို့တွေ အကုန်လုံးကျပ်တည်းနေကြရတဲ့အချိန်မှာ ပိုလိုတဲ့သူတွေကို မျှဝေခြင်းနဲ့ပဲ ခရီးဆက်ရမှာပါ။ အများ ပြည်သူများအနေနဲ့ အလှူရှင်ပေါ် မှီခိုနေကြရတဲ့နေရာတွေကို အတတ်နိုင်ဆုံး မျှဝေပေးကြပါလို့ အဓိကတိုက်တွန်းလိုပါ တယ်။”လို့ ကိုဇေယျာထွန်းကပြောပါတယ်။

ဒီလိုကူညီရာမှာလည်း ရပ်ကွက် မြို့နယ်အလိုက် နီးစပ်ရာကျောင်းတွေကို ကူညီကြမယ်ဆို ပိုထိရောက်နိုင်ပြီး လူမှုကွန်ရက် တွေကနေ သတင်းအချက်အလက်မျှဝေတာတွေလည်းလုပ်ဖို့ လိုမယ်လို့ ဆက်ပြောပါတယ်။

နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေး အဆင်ပြေပြီး အေးချမ်းမှ ပြည်သူတွေအဆင်ပြေမှာဖြစ်ပြီး ပြည်သူတွေအဆင်ပြေမှလည်း သာသနာပြုသူတွေလည်း စိတ်အေးလက်အေးနဲ့ လောကီ၊ လောကုတ္တရာအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ပြည်သူတွေလှုတဲ့ တစ်ဇွန်းဆန် ကိုစားရတဲ့ သီလရှင် ဆရာလေးတွေကလည်း နိုင်ငံရေးရော ကပ်ရော ဂါဆိုးကြီး အန္တရာယ်ကပါ အမြန်ပြီးစေချင်ပြီလို့ သီလရှင်ဆရာလေးတွေက ဆိုပါတယ်။

အခြေအနေတွေအေးချမ်းမှပဲ အားလုံးအဆင်ပြေပြေရပ်တည်နိုင်မှာဖြစ်ပြီး၊အခုတော့ ဘယ်အချိန် ပြီးမလဲမသိတဲ့ နိုင်ငံရေး အခြေအနေရယ် ဘယ်လောက်ထိဆိုးရွားမလဲမသိတဲ့ ကပ်ရောဂါဆိုးကြီး အကြားဒါယကာ၊ ဒါယိကာမတွေ အတွက် စိုးရိမ်ရတဲ့အပြင် ကိုယ့်ကျောင်းတိုက်ကို အမှီပြုနေတဲ့ သီလရှင်ဆရာလေးတွေနဲ့ လည်းရှေ့ဆက်ရပ်တည်ဖို့ တွေးပူနေရ တယ်လို့ သီလရှင်ကျောင်တိုက်အသီးသီးက ဆရာလေးတွေက ဆက်ပြောပါတယ်။

” ဒီကာလကြီးသာကြာရှည်ရင် ရေရှည်မလွယ်ဘူး။ ပြည်သူတွေ လည်းမလွယ်သလို ဆရာလေးတို့လည်းပိုခက်ခဲမှာ ဘာမှ လည်း ဘာမှမတတ်နိုင်ဘူး။ဒီကပ်ဆိုးကြီး ကြာမရှည်အောင်အတတ်နိုင်ဆုံးတော့ ဘုရားကိုပဲအားကိုးပြီး သစ္စာတိုင်တည် ဆုတောင်းပေးရတော့မှာပဲ။”လို့ ဆရာကြီး ဒေါ်ကုဏ္ဍလကေသီက ပြောပါတယ်။

ဒေဝီ

ဤဆောင်းပါးကို hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up