တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်နေတဲ့ မြန်မာ ကျောက်ကုန်သည်တွေ မြန်မာနိုင်ငံပြန်ဖို့ တရုတ်တာဝန်ရှိသူတွေက ဖိအားပေးနေတာကြောင့် အခက်အခဲ ကြုံနေရတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
ဂျယ်ဂေါင်မြို့ ကျင်းခမ်းမှာ နေထိုင်တဲ့ ကျောက်ကုန်သည်တစ်ဦးက “ကျမတို့လည်း ၂ ရက် ၃ ရက်ဆို ပြန်ရမှာတဲ့၊ အိမ်ရှင်လာပြောသွားပြီ။ ပစ္စည်းတွေသိမ်းထားကြတဲ့။ မြန်မာတွေ အကုန်လွှတ်မှာတဲ့၊ ဒုက္ခပါပဲ။ ကျမတို့ ကျောက်သမားတွေ ချွေးနည်းစာနဲ့ စုထားတဲ့ကျောက်တွေ ဘယ်လိုမှ လုပ်မရတော့ဘူးလား။ ကူညီကြပါဦး။ ပြန်ရရင် ကျောက်တွေ ပြန်သယ်လို့ မနိုင်တာကြောင့် ဆုံးရှုံးမှုတွေ အများကြီးရှိနေပြီး တရုတ်အစိုးရဘက်က အချိန်အတိုင်းအတာတစ်ခုထိ ပေးစေချင်ကြောင်းနဲ့ နှစ်ဘက်အစိုးရ ညှိနှိုင်းပေးစေလိုတယ်” လို့ ပြောပါတယ်။
လက်ရှိ သူတို့နေထိုင်တဲ့ရွာမှာ တစ်ပိုင်တနိုင် ကျောက်အရောင်းအဝယ် လုပ်ကြတဲ့ မြန်မာကျောက်ကုန်သည် ၄၀ ဝန်းကျင်ရှိပြီး တချို့က မရောင်းရသေးတဲ့ ကျောက်တွေ မြန်မာငွေ သိန်း ၁၀၀ ကနေ သိန်း ၅၀၀ ထိ ရှိကြကာ တချို့ကတော့ တန်ချီ ရှိပြီး အကုန်လုံးပစ်ထားခဲ့ရမှာကြောင့် ဆုံးရှုံးမှုတွေ များမယ်လို့ သူက ရှင်းပြပါတယ်။
ကျောက်ကုန်သည် နောက်တစ်ဦးက “အခု ကျမတို့က ရွှေလီမှာ။ ကျင်းခမ်းရွာမှာ အခု မြန်မာတွေကို ပြန်ခိုင်းနေတယ်။ လခစားတွေကတော့ ပြန်နိုင်တယ်လေ။ ကျမတို့ ကျောက်သမားတွေ ဒုက္ခရောက်နေလို့။ ကျမတို့ ကျောက်တွေ မထားခဲ့ချင်ဘူး။ အရင်းနှီး များတယ်လေ။ ကျမတို့ ရှာထားတဲ့ ပိုက်ဆံတွေက ကျောက်ထဲမှာပဲလေ။” လို့ ပြောပါတယ်။
ရန်ကုန်တီးစင်တာဝင်းထဲ ဟိုတယ်ကွာရန်တင်းဝင်နေတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးလည်း ၂၁ ရက်စာ တရုတ်ယွမ်ငွေ ၄၄၀၀ ကုန်ကျစရိတ် လာတောင်းလို့ အခက်အခဲကြုံနေရတယ်လို့ ကွာရန်တင်းဝင်နေတဲ့ ကျောက်ကုန်သည်တစ်ဦးက ပြောပါတယ်။
“မကြံတတ်တော့ဘူး။ ၄၄၀၀ ကိစ္စ မပေးရင် ဖမ်းမှာလား မသိဘူး။ ရောဂါလည်း တွေ့တယ်ပြောတာပဲ ဝင်းထဲက။ အမတော့ မထင်ပါဘူး။ နေ့တိုင်းနီးပါး အာခေါင်စစ် ထားခံရတဲ့ လူတွေချည်းပဲ။ ကာကွယ်ဆေး အားလုံးထိုးပြီးသား။ ဆိုင်တွေဆိုလည်း သနားပါတယ်။ ပစ္စည်းတွေ ထားခဲ့ရတာ နည်းတာ မဟုတ်ဘူး။ ကျောက်သမားဆို သိတဲ့အတိုင်း ၄ လ ထိုင်စားတာ ကုန်ပြီလေ။ အိမ်လခ၊ ရေခ၊ မီးခ၊ စားစရိတ်၊ လက်ထဲလည်း ကျောက်ပဲရှိတယ်။ စိတ်ညစ်လို့ စားမဝင်အိပ်မပျော်။ အခုမှ ရောဂါဖြစ်တော့မှာ။ ကျယ်ဂေါင်က လူတွေလည်း ရွှေလီကို ပြောင်းခိုင်းနေတယ်။ ရွှေလီ အိမ်ရှင်တွေကလည်း လက်မခံဘူး။ အနုနည်းနဲ့ ပြန်ခိုင်းနေတာပေါ့။ အထောက်အထားရှိတဲ့ လူတွေပါ။”
တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်က ကျောက်ဝိုင်းတွေကို ကိုဗစ် ဒုတိယလှိုင်း မတ်လကုန်ပိုင်း ကတည်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်ဆိုပြီး ပိတ်သိမ်းခဲ့တာပါ။ လက်ရှိ တတိယလှိုင်းကာလထိ ဆိုင်တွေ ပြန်မဖွင့်နိုင်တဲ့အပြင် တချို့ ကုန်သည်တွေက တရုတ်တွေဆီ ရောင်းထားတဲ့ ငွေတွေ ပြန်မရဘဲ ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Pra Jaw