မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ဝန်ခြုံးကျေးရွာ မြောက်ပိုင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်သွားပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
ကျေးရွာသားတစ်ဦးက “မနက်က တောင်ပိုင်း PDF နဲ့ ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ၃ ယောက်သေတယ်။ အဲ့တာကိုအကြောင်းရှာပြီးတော့ ဘာမှမဆိုင်တဲ့ ကျနော်တို့ရွာကို မီးလာရှို့တယ်” လို့ ပြောပါတယ်။
ကျေးရွာအတွင်းကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ ဝန်ခြုံးကျေးရွာမှာ အိမ်ခြေ ၂၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။