ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ဇူလိုင် ၃၀ ရက်နေ့ ညနေ ၃ နာရီကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေပြီလို့ မူဆယ်ခရိုင် ပြန်/ဆက် တာဝန်ရှိသူတဦးက ပြောပါတယ်။
"ခုလောလောဆယ် ၆၅ နှစ်အထက်တွေကို ထိုးပေးနေပြီ။ ပြီးရင်လည်း ဆက်ထိုးမှာပဲလေ။ ၃ နာရီ ကနေ ထိုးပေးတာလေ။ ညနေပိုင်း အယောက် ၁၅၀။ ခုတော့ မပြီးသေးဘူး ၁၅၀ ပဲ ထိုးပေးတာ။ ကျန်တာ မနက်ဖြန် ဆက်ထိုးမယ်။"
မူဆယ်နဲ့ နမ့်ခမ်းမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက သီးသန့်လှူတဲ့ထဲက ဆေးအလုံးရေ ၂ သိန်း ၆ သောင်း ရတာဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်ထဲကလည်း မူဆယ်နမ့်ခမ်း နှစ်မြို့နယ်ကို ဆေး အလုံး ၂သိန်း ၆ သောင်းခွဲတမ်းရမယ်လို့ မူဆယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်တဦးက ပြောပါတယ်။
၆၅ နှစ်အထက်တွေကို မူဆယ် ပြည်သူ့ဆေးရုံရှေ့က အ.ထ.က ၃ မှာ ထိုးပေးနေတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၂၂ ရက်ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ လက်လှမ်းမီသလောက် ရရှိထားတဲ့ စာရင်းအရ မူဆယ်မှာ ပိုးတွေ့လူနာ ၉၄၃ ဦးနဲ့ အထက်ရှိပြီး ဆေးရုံဆင်းသူ ၃၀၀ ကျော်၊ သေဆုံးသူ ၁၉ ဦး ရှိပါတယ်။