Home
ဆောင်းပါး
တရုတ်ကို ထိန်းချုပ်မယ့် နေတိုးအဖွဲ့သစ်
DVB
·
July 25, 2021

တရုတ်ဩဇာလွှမ်းမိုးလာမှုကို ဘယ်လိုခုခံကြမလဲဆိုတာနဲ့ပတ်သက်လို့ ရီပတ်ဘလင်ကန် အမတ်တွေလည်းဖြစ်၊ အမေရိကန် အငြိမ်းစားဗိုလ်မှူးကြီးတွေလည်းဖြစ်တဲ့ Charles K. Djou နဲ့ Adam Kinzinger တို့နှစ်ဦး The Economist စာစောင်မှာ သူတို့အမြင် ဖော်ပြထားတာကို တင်ပြလိုက်ရပါတယ်။

ကုန်သွယ်ရေး၊ စစ်ရေးနဲ့ ကျူးကျော်ရန်လိုမှုတွေ မြင့်တက်လာနေတဲ့ တရုတ်က စစ်အေးခေတ်နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ လုံခြုံရေးကို အကြီးအကျယ် စိန်ခေါ်လာနေပါတယ်။ ပေကျင်းအစိုးရက  သူ့အောက်ကို အားလုံးရောက်စေမယ့် နိုင်ငံတကာစနစ်ကို ဒီဇိုင်းဖော်နေပါတယ်။ တရုတ်ဩဇာကြီးထွားလာမှုက နိုင်ငံတစ်နိုင်ငံချင်းစီအပေါ်မှာ သက်ရောက်နေပြီး ကိုယ်စီတုံ့ပြန်ဖို့ လုံးပန်းနေကြရပါတယ်။ အဲဒီ စမတ်ကျတဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ခုခံဖို့ဆိုတာ တနိုင်ငံချင်း တကျောင်းတဂါထာ သွားနေလို့တော့ မရပါဘူး။ ဒီမိုကရေစီနိုင်ငံတွေ စုစည်းညီညွတ်စွာ ဖွဲ့စည်းနိုင်ပါမှ အောင်မြင်ပါလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းက အခုရှိတဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ကို ဂလိုဘယ်မဟာမိတ်အဖွဲ့အဖြစ် ပြောင်းလဲရပါမယ်။ ဒီအဖွဲ့ထဲမှာ ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အရပ်ဘက်အခွင့်အရေး လေးစားတဲ့ နိုင်ငံအားလုံး ပါဝင်ဖို့ ဖိတ်ခေါ်ရလိမ့်မယ်။

အဆိုပါ နေတိုးအဖွဲ့သစ်ရဲ့ ပထမဆုံးအလုပ်က အာရှပိစိဖိတ်ဒေသမှ ဒီမိုကရေစီနိုင်ငံတွေကို မဟာမိတ်အဖွဲ့ထဲ ပါဝင်အောင် ဆွယ်ရမှာပါ။ အမေရိကန်ရဲ့ နေတိုးအဖွဲ့ တိုးချဲ့ရေး ခိုင်မာတဲ့ဆုံးဖြတ်ချက်မှာ အတွေ့အကြုံရင့် ဒီမိုကရေစီနိုင်ငံတွေ ပါလာဖို့ အရေးကြီးပါတယ်။ အမေရိကန်မှာ ဒီလိုစုစည်းနိုင်ဖို့ ရင်းမြစ်တွေ၊ အင်အားတွေ၊ ခေါင်းဆောင်မှုစွမ်းရည်တွေ ရှိပါတယ်။ လက်ရှိ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးမူဝါဒကလည်း ကမ္ဘာတလွှားက ဒီမိုကရေစီမဟာမိတ်တွေနဲ့ နေတိုးအသစ်ဖွဲ့စည်းမှုသာ ဖြစ်သင့်ပါတယ်။

နေတိုးအဖွဲ့ကို ၁၉၄၉ မှာ တည်ထောင်ခဲ့တယ်။ အနောက်ဥရောပကို ဆိုဗီယက်ယူနီယံနဲ့ ကွန်မြူနစ်အုပ်စုတွေရန်က  ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ဖွဲ့ထားတာပါ။ အဲဒီကာလ မြောက်အတ္တလန်တိတ်ဒေသ နိုင်ငံတွေကို ကာကွယ်ပေးခြင်းဟာ အနောက်ဒီမိုကရေစီကို ကာကွယ်ခြင်းပါပဲ။ ဒီကနေ့ အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိတဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဟာ အောင်မြင်မှုသမိုင်းကောင်းနဲ့ ရေရှည်တည်မြဲတဲ့ မဟာမိတ်အဖွဲ့အဖြစ် ဆက်ရှိနေပါတယ်။ ဆိုဗီယက်ယူနီယံ မရှိတော့ပေမဲ့၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဥရောပမြေပုံကိုကျော်လွန်ပြီး ဒီမိုကရေစီနဲ့ ဒီမိုကရက်တန်ဖိုးများ ပျံ့နှံ့ရေး ကတိကဝတ်ကို ဆက်ကိုင်ထားပါတယ်။

သို့သော် အခု ၂၁ ရာစုမှာ နေတိုးဟာ အနောက်ကမ္ဘာအတွက် လုံခြုံရေးစိန်ခေါ်မှုသာမက ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံလာတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် နေတိုးအဖွဲ့က အမေရိကနဲ့ ပူးပေါင်းပြီး အစ္စလာမ်အစွန်းရောက်ဝါဒကို ဆယ်စုနှစ်နှစ်ခုနီးပါး တိုက်ခိုက်နှိမ်နင်းခဲ့တယ်။ ကနေ့အခါ နေတိုးအဖွဲ့ရဲ့ လုပ်ငန်းက ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အင်ဖော်မေးရှင်းအမှား ကမ်ပိန်းလှုပ်ရှားမှုတွေကို တုံ့ပြန်နေတာပါ။ ဒါ့အပြင် တရုတ်အာဏာရှင်စနစ်က အားလုံးရဲ့ဘဝနေထိုင်မှုအပေါ် ခြိမ်းခြောက်လာနေတာကိုလည်း အဓိက တုံ့ပြန်ကြရတော့မှာပါ။ ဒါကြောင့်မို့ နေတိုးဟာ ဥရောပမြေမျက်နှာပြင်ကို ကျော်လွန်ပြီး၊ အားလုံးသော ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆိုက်ဘာစပေ့တွေကို ကာကွယ်ဖို့  အဖွဲ့ဝင်နိုင်ငံတွေ တိုးချဲ့ရတော့မှာ ဖြစ်ပါတယ်။

တကယ်ဆို ရုရှားကလည်း အနောက်ရဲ့လုံခြုံရေးကို စိန်ခေါ်နေတာ ထင်ရှားပါတယ်။ သို့ပေမဲ့ တနေ့ထက်တနေ့ အန္တရာယ်များလာတဲ့ တရုတ်စိန်ခေါ်မှုကိုတော့ မဖြစ်မနေ ဖြေရှင်းကြရမှာပါ။ တရုတ် အာဏာရှင်စနစ်က ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးကတည်းက အနောက်လစ်ဘရယ်ဝါဒကို အကြီးမားဆုံး စိန်ခေါ်လာနေတာ။ လက်ရှိ အမေရိကန်စီးပွားရေးနဲ့ စစ်ရေးအင်အားဟာ တရုတ်ထက် ကြီးမားနေပေမဲ့၊ နောက် နှစ် ၂၀ မှာ တရုတ်က အဲဒီနှစ်နေရာစလုံးမှာ ကျော်တက်သွားဖို့ ရှိနေပါတယ်။

တရုတ်ဘက်ကလည်း သူ့အမျိုးသားအကျိုးစီးပွားအတွက် အနောက်ရဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ့ အရပ်ဘက်လွတ်လပ်ခွင့် စံတန်ဖိုးတွေကို အားနည်းအောင် တိုးလုပ်ဆောင်မှာပါပဲ။ လာမယ့်ဆယ်စုနှစ်တွေမှာ တရုတ်စီးပွားရေးနဲ့စစ်ရေး ကြီးထွားလာတာကို အမေရိကန်တနိုင်ငံတည်း တကိုယ်တော်ယှဉ်ပြိုင် ဖြေရှင်းနေလို့ မရနိုင်ပါဘူး။ ဒီမိုကရေစီစိတ်ဓာတ်ရှိတဲ့ နိုင်ငံတွေအားလုံး မိမိတို့ဘုံတန်ဖိုးကို စုပေါင်းကာကွယ်ရပါလိမ့်မယ်။ နေတိုးအဖွဲ့သစ်ရဲ့ မာလ်တီပေါင်းစည်းမှုကသာ စုပေါင်းလုံခြုံရေးအတွက် အကောင်းဆုံး ချည်းကပ်နည်းလမ်း ဖြစ်ပါလိမ့်မယ်။

အခုထိတော့ အာရှ-ပိစိဖိတ်ဒေသ ဒီမိုကရေစီ လုံခြုံရေးမူဘောင်ဟာ နှစ်နိုင်ငံချင်းဆက်ဆံရေးပုံစံပဲ ရှိနေတယ်။ အမေရိကန်နဲ့ ဩစတြေးလျ နှစ်နိုင်ငံကြား လုံခြုံမှုဆက်ဆံရေး၊ အမေရိကန်နဲ့ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးတွေပဲ ရှိထားတယ်။ နောက်ပိုင်း တရုတ်က စီးပွားရေးနဲ့စစ်ရေး ကမ္ဘာ့အင်အားကြီး ဖြစ်လာပြီဆိုရင်၊ အဲဒီလို အမေရိကန်ကို ဗဟိုချက်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေးပုံစံဟာ လွယ်လွယ်ကျိုးပျက်သွားနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့မဟာမိတ်တွေမှာ တဦးနဲ့တဦး အပြန်အလှန် ကွန်ရက်ဖွဲ့ဆက်ဆံရေး ရှိထားကြဖို့ လိုပါတယ်။

ဒီမိုကရေစီတန်ဖိုးတွေ စောင့်ရှောက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအင်စတီကျူးရှင်းတွေ ရှိပါတယ်။ ဒါပေမဲ့ နေတိုးအဖွဲ့လို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ လုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမျိုး မရှိပါဘူး။  အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြးလျတို့ ပါဝင်တဲ့ ‘Quad’ အဖွဲ့ဟာ အာရှပိစိဖိတ်ဒေသ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံတွေရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး၊ တစိတ်တပိုင်းအားဖြင့် တရုတ်ရဲ့ ရန်လိုကျူးကျော်မှုကို တုံ့ပြန်ဖို့ပါပဲ။ သို့သော် Quad ဟာ လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးတဲ့ ဖိုရမ်မျှဖြစ်ပြီး၊ ကာကွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင် လုပ်ငန်းလည်ပတ်မှု မရှိပါဘူး။ Quad ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရှိပေမဲ့ ဒီထက်ပိုပြီး အားကောင်းအောင် လုပ်ဖို့ လိုအပ်နေတာ အမှန်ပါ။

အနောက်အနေနဲ့ ဥရောပမှာရော အာရှပစိဖိတ်မှာပါ ခေတ်မမီတော့တဲ့ ဒေသလုံခြုံရေးမဟာဗျူဟာတွေကို ပြန်စဉ်းစားရပါမယ်။ တိုးချဲ့မယ့် နေတိုးအဖွဲ့သစ်မှာ ကမ္ဘာတလွှားက အတွေ့အကြုံရင့် ဒီမိုကရေစီနိုင်ငံတွေ ပါဝင်လာရင်၊ မှိုလိုပေါက်နေတဲ့ အာဏာရှင်တွေကို နိုင်နိုင်နင်းနင်း ခုခံဖြိုချနိုင်မယ်။ ဒီမိုကရေစီတန်ဖိုးတွေကို မင်းဆိုးမင်းညစ်တွေ မဖျက်ဆီးနိုင်အောင် နေတိုးအဖွဲ့သစ်က ညီညွတ်မှုနဲ့ ဟန့်တားနိုင်လိမ့်မယ်။

လောလောဆယ် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားတို့မှာ ဒီမိုကရေစီရွေးကောက်ခံအစိုးရတွေ၊ ဈေးကွက်စနစ်နဲ့ အားကောင်းတဲ့အင်စတီကျူးရှင်းတွေ ရှိပါတယ်။ ဒီသုံးနိုင်ငံကို နေတိုးအသစ်အမှာ အဖွဲ့ဝင် ဖြစ်လာအောင် ဖိတ်ခေါ်ရမယ်။ နောက်ပိုင်း အိန္ဒိယ၊ နယူးဇီလန်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်တို့ကို နေတိုးလိုအပ်ချက်တွေနဲ့ ပြည့်မီရင် ဖြည့်ဆည်းသွားရမယ်။ နောက်ဆုံး ဒီမိုကရေစီစနစ် တောင့်တင်းတဲ့ နိုင်ငံတိုင်း နေတိုးသစ်မှာ ပါလာအောင် တံခါးဖွင့် စည်းရုံးထားရပါလိမ့်မယ်။ နေတိုးရဲ့ ချာတာကိုလည်း ပြင်ဆင်ဖို့ လိုအပ်သလို၊ အမေရိကရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍကလည်း အရေးပါနေဆဲ ဖြစ်ပါတယ်။

နေတိုးရဲ့အဓိက ဦးတည်ချက်က အပြန်အလှန်ကူညီရေး ကာကွယ်ရေးစာချုပ်ဖြစ်တယ်။ စာချုပ် အပိုဒ် ၅ မှာ ဖော်ပြထားတဲ့ “တနိုင်ငံ စစ်မက်တိုက်ခိုက်ခံရလျှင်… အဖွဲ့ဝင်အားလုံး တိုက်ခိုက်ခံရသည်ဟု မှတ်ယူရမည်” ဆိုတဲ့အချက်ကို အဖွဲ့ဝင် အဟောင်းအသစ် အားလုံး သဘောတူရပါမယ်။ ဒါက နိုင်ငံတခုချင်းစီအတွက် စုပေါင်းကာကွယ်ခြင်းပါပဲ။ ကမ္ဘာ့တနေရာရာမှာ ဒီမိုကရေစီ ကံဆိုးမိုးမှောင်ကျမှုဟာ ဒီမိုကရေစီနိုင်ငံအားလုံး အန္တရာယ်ကျရောက်စေဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေတွေကို ပြက်ရယ်ပြု ကမ္ဘာကြီးမတည်မငြိမ်အောင် လုပ်နေတဲ့တရုတ်ကို အာရှပိစိဖိတ်ဒေသနိုင်ငံတွေ ပါဝင်လာမယ့် နေတိုးအဖွဲ့သစ်ကသာ  ဟန့်တားနိုင်ပါလိမ့်မယ်။ စွန့်စားရမှာတွေလည်း ရှိလာမယ်။ ကနေ့အခါ ကမ္ဘာကြီးဟာ ဒီမိုကရေစီ နောက်ပြန်ကျဆင်းမှုကို ကြုံတွေ့နေရပါတယ်။ အာဏာရှင်တွေကို ဆန့်ကျင်ကာကွယ်ဖို့၊ ဒီမိုကရေစီတန်ဖိုးများ ပြန်လည်ရှင်သန်တိုးပွားစေဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ နေတိုးသစ်အောက်မှာ ဒီမိုကရေစီမဟာမိတ်နိုင်ငံများ ညီညွတ်စွာ ပူးပေါင်းကြရပါလိမ့်မယ်။

ဝင့်ထန်း

ရည်ညွှန်း-The need to expand a new NATO to Asia by Charles Djou and Adam Kinzinger; the Economist

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024