စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
မတရားဖမ်းဆီးခံရသူတွေကို အကူအညီပေးနေတဲ့ ရှေ့နေတစ်ဦးက “စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူမှန်သမျှ ပြင်ပတရားရုံးမှာ တရားစီရင်တာမဟုတ်ဘဲ ထောင်အတွင်းက ယာယီတရားရုံးမှာတရားစီရင်နေတာပါ။ အမိန့်ချပြီးသူရော၊ အမှုရင်ဆိုင်နေရသူတွေပါ အခုအချိန်အထိ မိသားစုနဲ့တိုက်ရိုက်တွေ့ဆုံခွင့်မပေးပါဘူး။ ကျနော်တို့က တဆင့် ပြောကြရဆိုကြရတာပါ။ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည် အချို့ကိုတော့ ပေးခွင့်ပြုထားတာတွေ့ရတယ်” လို့ပြောပါတယ်။
ရွှေဘိုအကျဉ်းထောင်အတွင်းမှာ အဓိကကျတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက်ကိုသာ သီးသန့်ဆောင်မှာထားပြီး ဝက်လက်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ စစ်ကိုင်း စတဲ့မြို့နယ်တွေက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံရသူတွေကိုတော့ အခြားအကျဉ်းသားတွေနဲ့ ရောထွေးထားတယ်လို့ သိရပါတယ်။
ရွှေဘိုအကျဉ်းထောင်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရတဲ့ အကျဉ်းသား ၂၅၀ ကျော်ရှိပြီး ၅၀၅-က နဲ့ ဖမ်းဆီးခံရသူက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရွှေဘိုမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာနေတာကြောင့် ရှေ့နေတွေလည်းကို နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
ရွှေဘိုအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။