
မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင် (အိုးဘို) မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ထောင်တွင်းဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စစ်တပ်အင်အား အလုံးအရင်းနဲ့ လုံခြုံရေးချထားတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်း က သိရပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူတချို့ကတော့ ထောင်တွင်းမှာ ခေတ္တဆူပူမှုဖြစ်ခဲ့ပြီး အမြန်ဆုံးပြန်ထိန်းလိုက်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“စစ်တပ်ကတော့ လုံခြုံရေးအပြည့်ချထားတယ်။ ဆူတယ် မဆူဘူးဆိုတာတော့ ပြောဖို့ ခက်တယ်။” လို့ မန္တလေး အိုးဘိုထောင် မှ ထောင်ဝန်ထမ်းတစ်ဦး က ပြောပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်တွင်းမှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်သံတွေ၊ သွေးသစ္စာသီချင်း သံပြိုင်ဆိုတဲ့အသံတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဒါ့အပြင် ထောင်ထဲမှာ ဖျားနာတာတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှုမရတာ၊ ခိုးမှု၊ မူးယစ်မှုနဲ့ တခြားရာဇဝတ်အမှုတွေကို ပြန်လွှတ်ပေးပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အခြေအနေတွေကြောင့် ဆန္ဒပြခဲ့တာလို့ သိရပါတယ်။