Home
မြန်မာသတင်း
မိုင်းပျဉ်းမြို့နယ်၌ ရေကြီးပြီး တံတားပျက်စီးကာ လမ်းလုပ်သားအချို့ရေထဲမျောပါသွား
DVB
·
July 22, 2021
222014875_158407919693683_8351601093125573906_n
221463930_158408196360322_2039730811790841426_n
220961510_158407803027028_913274434699493269_n
220383328_158408156360326_719361501222624451_n
219671859_3182898828516835_4366213295469034247_n
219671859_3182898828516835_4366213295469034247_n (1)
219247888_3182898938516824_1753093504765550215_n

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စုထဲမှာ  ဇူလိုင် ၂၁ မနက်စောစောက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလာလို့ တံတားကျိုးကျပြီး၊ လမ်းလုပ်သားနဲ့ ရွာသားတချို့ အပြင် ကားတွေပါ ရေစီးနဲ့အတူမျောပါသွားခဲ့ပါတယ်။ 

တောင်ကျရေတွေဟာ ဆင်မောင်းကျေးရွာအုပ်စု ပန်ဆာကျေးရွာရှိ နမ့်လုံချောင်းထဲစီးလာပြီး ရေကြီးရေလျှံကာ  မိုင်းပြင်း - တာကော သွားကားလမ်းပေါ်က  ကွန်ကရစ်တံတား ၁ စင်း ကျိုးသွားသလို အဲဒီအနီးတဝိုက်မှာ တဲဆောက်ပြီးနေနေတဲ့ လမ်းပြင်လုပ်သား တချို့နဲ့ ရွာသား တချို့ ရေထဲမျောပါသွားကာ ဆောက်လုပ်ရေးလမ်းတံတားဌာနဆိုင်ရာ ကားတွေလည်း ၃ စီးထက်မနည်း ရေထဲပါသွားတာပါ။

ပန်ဆာရွာသား ၁ ဦးက “မိုးကတညလုံးရွာပြီး တောင်ကျရေတွေ နမ့်လုံချောင်းထဲဝင်လာတယ်။ ရေထဲမှာ သစ်တုံးကြီးတွေရော အမှိုက်တွေရောပါတော့ တံတားကိုရေစီးကြောင်းအရှိန်နဲ့တိုက်ပြီး ကျိုးကျသွားတာခင်ဗျ။ အဲဒီတံတားက ကွန်ကရစ်တံတား လုပ်ထားတာမကြာသေးဘူး။ ၃ နှစ်လောက်ဘဲ ရှိသေးတယ်၊ နောက်ပြီးတော့ ရေက လမ်းလုပ်သားတွေနေတဲ့တဲတွေကိုရော အဲဒီက လားဟူနဲ့ ပလောင်ရွာသားတွေနေတဲ့ အိမ်ကိုပါ တိုက်စားသွားတာ လူက အနည်းဆုံး ၉ ယောက်လောက် ရေထဲမျောပါသွားတယ်။ ဒီနေ့ထိ ရှာလို့မတွေ့သေးဘူး၊ ဆောက်လုပ်ရေးဌာန လမ်းကြိတ်စက်တွေ၊ မြေတူးစက်ယန္တယားတွေလည်း မြုပ်တယ်၊ အဲဒါတွေတော့ ပြန်ရတယ်။ ပြန်မရတာက မတ်တူးကား ၁ စီး၊ ဟိုင်းဂျက် ၁ စီး နဲ့ လေးလုံးထိုးကား ၁ စီး ပါသွားတယ်ခင်ဗျ။” 

ဒါ့အပြင် တောင်ပြိုတာတွေလည်းရှိနေကြောင်း၊ တံတားပြန်ကောင်းမွန်ဖို့ တာဝန်ရှိသူတွေက အမြန်ဆုံးပြင်ဆင်နေပြီးဒီကနေ့ နေ့လယ်အထိတော့ ၇ မိုင် နဲ့ ၉ မိုင်ကြား သွားလို့ ရပေမယ့် ၉ မိုင်ကနေ ဆင်မောင်းရွာထိတော့ သွားလို့ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။ 

ရေစီးထဲမျောပါသွားသူတွေကတော့  လမ်းအထူးအဖွဲ့ ( ၃ ) မှ ဦးအာကာကျော် အပါအဝင် ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း ၁၂ ဦးရှိပြီး ပျောက်ဆုံးသူတွေကို မြို့နယ်ထွေအုပ်/ရဲတပ်ဖွဲ့ နဲ့ မီးသတ်ဌာန စတဲ့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုက်လံရှာဖွေရာမှာ မနေ့ ညပိုင်းက လူ ၁ ဦးကို အသက်ရှင်လျက် ပြန်တွေ့တယ်လို့ We Love Mine Pyin ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

တောင်ကျချောင်းရေစီးကြောင့် မိုင်းပျဉ်းမြို့နယ် ခမ်းမိုက်ကော့ - ပန်မုန့်ကျေးရွာလမ်းက အရှည် (၁၂၀ × ၁၄)ပေရှိ ပလောင်ကုန်းဆာကွန်ကရစ်တံတားနဲ့ ဝမ်မွန်း- ဝမ်ကန်လမ်းရှိ အရှည်ပေ ၉၀ ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားပျက်စီးခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။ 

ကျိုင်းတုံမြို့မှာလည်း  ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီလောက်က အမှတ်(၅)ရပ်ကွက်ရှိ နမ့်ခင်နွဲ့(ကျိုင်းဖောင်း)ချောင်းမှာ ချောင်းရေတားဆည် ကျိုးပေါက်လို့ နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

ဒါ့အပြင် တာချီလိတ်ခရိုင်ထဲမှာလည်း ဇူလိုင် ၂၁ ရက်မနက်စောစောက ရေကြီးတာ ကြောင့် တာဇန့်ကျေးရွာအနီး မိုင်းယောင်း - မိုင်းယု သွားကားလမ်းပေါ်က ကွန်ကရစ်တံတား ၁ စင်း၊   တာလေနဲ့ ကျိုင်းလပ်သွားကားလမ်းပေါ်က ဝမ်ပိုင်းတံတား ၁ စင်း ပြိုကျပျက်စီးခဲ့တယ်လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024