နှလုံးသားချင်း ချိတ်ထားမှဖြစ်မယ်

နာဂစ်မုန်တိုင်းဝင်ပုံနဲ့ ကိုဗစ်တတိယလှိုင်းဝင်ပုံမှာ တူတာတခုရှိတယ်။ နာဂစ်တုန်းကလည်း မြစ်၀ကျွန်းပေါ်ကလူတွေ မိသားစုလိုက်ကြီး မုန်တိုင်းဒဏ်ခံကြရတယ်။ အိမ်လုံးကျွတ်တွေ ပါသွားကြတယ်။ ဒီ ကိုဗစ်တတိယလှိုင်းကလည်း နာဂစ်ဒီရေလှိုင်းကြီးလို မိသားစုလိုက်ကြီးတွေကို တိုက်စားပစ်တာပဲ။ ကျမတို့ လက်ချင်း မြဲမြဲချိတ်ထားကြမှ ဒီလှိုင်းထဲ ပါမသွားမှာ။ ဒါပေမဲ့ ကိုယ့်မိသားစုလေးတစုတည်း ကွက်ကွက်လေး ချိတ်ထားလို့မရဘူး။ ကိုယ်နဲ့ ဆက်စပ်သမျှ လူတိုင်းကို နည်းမျိုးစုံနဲ့ ချိတ်ဆက်ကာကွယ်ပေးထားမှရမှာ။ 

ပထမလှိုင်း၊ ဒုတိယလှိုင်းဆိုရင်တော့ Stay home မြို့နယ်တခုကနေ တခုကူးရင်တောင် စစ်ရဆေးရတော့ တော်ရုံဆို ခရီးမသွားဖြစ်လို့ ကူးဖို့ရာ အခွင့်အရေးနည်းခဲ့တယ်။ တတိယလှိုင်းအစမှာတော့ ကျောင်းတက်၊ ရုံးသွား  ခရီးသွားသူတွေ များလာပြီး အထိန်းအကွပ်မဲ့ ဖြစ်သွားခဲ့ပြီ။

ကျမ ညီမတယောက်နဲ့ တခန်းတည်းထိုင်တဲ့ သူ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက် စဖျားတယ်။ သုံးရက်လောက်အကြာမှာ သူ ရုံးမတက်နိုင်တော့ဘူး။ ဆေးခန်းကလည်း သောက်ဆေးပဲ ပေးတယ်။ တယောက်တည်း အပြင်းဖျား၊ ဝမ်းလျှော၊ ချောင်းဆိုးတွေ ဖြစ်တယ်။ သူ့ကို တယောက်တည်း ပစ်မထားနိုင်တဲ့ ကျမညီမက ကျမကိုဆရာဝန်မေးခိုင်း၊ ဆေးပေးခိုင်းတော့ သူငယ်ချင်း ဆရာဝန် အဒေါ်ဆရာဝန်တွေကို မေးပြီး တယ်လီဖုန်းနဲ့ ဆေးကုရတယ်။ လိုအပ်တဲ့ဆေးတွေ အစားအသောက်တွေ ဝယ်ပြီး သူ့ရုံးကကားဆရာလေးနဲ့ သွားပို့ခိုင်းတယ်။ သူ့ရုံးက မိသားစုတွေလည်း မဖျားတဲ့သူမရှိဘူး။

သိပ်မကြာခင် သူငယ်ချင်းတွေ ဆွေမျိုးတွေကြားထဲမှာ မိသားစုလိုက်ဖြစ်တာတွေ များလာတယ်။ တင်ပါးဆုံရိုး ကျိုးထားလို့ တွဲတဲ့လူမပါဘဲ အပြင်မထွက်နိုင်တဲ့ အဘိုး၊ အဘွားတွေလည်း အိမ်အကူလေးတွေကတဆင့် ကူးကြပြီ။ အိမ်ထဲက အိမ်ပြင်မထွက်တဲ့ သမီးလေးလည်း အပြင်ထွက်အလုပ်လုပ်ရတဲ့ အမေဆီက တဆင့်ကူးပြီ။ သူ့အဘိုး အဘွားတွေ  ကူးပြီ။ အကျဉ်းထောင်တွေထဲမှာလည်း အစုလိုက်အပြုံလိုက်ထားတဲ့ အကျဉ်းသားတွေကြားမှာလည်း ကူးကုန်ပြီ။ အိမ်ထဲမှာ နေရုံနဲ့ ကိုဗစ်ကို ရှောင်လို့မရတော့ဘူး။  

Contact Tracing ဆိုတာလည်း မလုပ်နိုင်တော့ဘူး၊ Stay Home တို့  Lock Down တို့ Q Center တို့ကိုလည်း အရင်လှိုင်းတွေတုန်းကလို ပီပီပြင်ပြင် စည်းကမ်းတကျ မလုပ်နိုင်တော့ဘူး။ ကျန်းမာရေးစနစ် ပြိုလဲသွားတာက ဖုံးမရ ဖိမရ ဖြစ်သွားပြီ။ ဘဏ်တွေရှေ့ တန်းစီနေတဲ့ လူအုပ်ကြီးက အောက်ဆီဂျင်တန်းစီတဲ့ လူအုပ်ကြီး ဖြစ်လာတာ၊ အဲဒီနောက် သုသာန်မှာ သင်္ဂြိုဟ်ဖို့ တန်းစီတဲ့ လူအုပ်ကြီးဖြစ်သွားတာ တဖြည်းဖြည်း အဖြစ်အပျက်တွေက ဆယ်ရက်အတွင်း လျှပ်ပြက်သလို မြန်ဆန်လာတယ်။ တတိယလှိုင်းကို ဘယ်သူမှ မရှောင်နိုင်တော့ဘူး။

ဒီဆယ်ရက်လုံးလုံး ကျမလုပ်တဲ့အလုပ်က နိုင်သရွေ့ ဝန်ဆောင်မှုပေးခြင်းပဲ။ ကျမ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျမနဲ့ နီးစပ်သူတိုင်းကိုလည်း ကျမ အကူအညီတောင်းတယ်။ မိုးလင်းတာနဲ့ ကျမ သိတဲ့ ဖျားနာနေတဲ့သူတွေဆီ ဖုန်းဆက်မေးတယ်။ မိတ်ဆွေ ဆရာဝန်တွေဆီ messenger က ဆေးအညွှန်း လှမ်းမေးတယ်။ ဆရာဝန်တစ်ယောက်ကတဆင့် သူနာပြုငှားလို့ရနိုင်တဲ့နေရာ လမ်းညွှန်တယ်။ တူမလေးက သူ့သူငယ်ချင်းသူနာပြုတချို့ကို ချိတ်ဆက်ပေးတယ်။ မိတ်ဆွေသတင်းသမားတချို့၊ ကျောင်းသားလေးတချို့ကို စျေးဝယ်ပေးဖို့ ဆေးဝယ်ပေးဖို့ အကူအညီတောင်းတယ်။ ဆိုက်ကားဆရာနဲ့ ဆေးဝယ်ထွက်ပြီး ရပ်ကွက်ထဲက ဖျားနေတဲ့ မိသားစုအိမ် တံခါးပေါက်မှာ သွားချိတ်ပေးတယ်။

ကိုယ့်လိုပဲ ကိုဗစ် Positive Contact မိထားတဲ့ ညီမနဲ့ တကိုယ်လုံး အပြည့်အစုံလုံအောင်ကာပြီး ကိုယ်လိုအပ်တဲ့ဆေး ကိုယ် ထွက်ဝယ်တယ်။ နေမကောင်းဖြစ်နေတဲ့ မိတ်ဆွေသတင်းသမား လင်မယား အိမ်ပေါက်၀မှာ ဆေးနဲ့ စားစရာတချို့ ဝင်ချိတ်တယ်။ ဂျပန်က စင်ကာပူက မိတ်ဆွေတချို့က သူ့မိဘဆွေမျိုးတွေအတွက် လိုအပ်တာ အကူအညီလှမ်းတောင်းတာကို ချိတ်ဆက်ပေးတယ်။ အဆင်ပြေသွားတာလည်းရှိ၊ အဆင်မပြေတာတွေလည်းရှိပေါ့။ 

အောက်ဆီဂျင် အိုးသေး ၅ အိုးလောက်ကို ညီမလေး အလုပ်က ပေးငှားလို့ သူငယ်ချင်းရဲ့ ပရဟိတအဖွဲ့တခုကို ပေးငှားထားလိုက်တယ်။ ကျမတူလေးဆရာဝန်ကို  ကျမ ဝယ်မရတဲ့ဆေးတွေ ဝယ်လို့ရမယ့် ဆေးဆိုင်နေရာ မေးတယ်။ စသဖြင့်ပေါ့။ လုပ်နိုင်တာမှန်သမျှကို ဘာမှမစဉ်းစားဘဲ ကမူးရှူးထိုး အကုန်လိုက်လုပ်ပါတယ်။

ဒါပေမဲ့ ဒီအလုပ်တွေအားလုံးကို ကျမတယောက်တည်းတော့ လုပ်လို့မရဘူး၊ အရပ်ကူပါ လူဝိုင်းပါ ဆိုပြီး တတ်နိုင်သမျှ ရှင်သန်ကျန်တဲ့သူတွေများအောင် ကျမတို့ လက်တွေချိတ်ဆက်ပြီး လုပ်နေကြရတာ။ အတော်များများကလည်း ကိုယ်နိုင်တဲ့နည်းနဲ့ လုပ်နေကြတာပါပဲ။ အဖိတ်အစင်တွေကြားရလို့ ဝမ်းနည်းရ ယူကျုံးမရတာတွေလည်း ရှိပါတယ်။

ဒီခြောက်လလုံးလုံးက ကျမတို့အတွက် အိပ်မက်ဆိုးကြီးပဲ။ ဒါပေမဲ့ မျက်ရည်သုတ်လိုက် လုပ်စရာရှိတာ ဆက်လုပ်လိုက်ပေါ့။ အိပ်မက်ဆိုးပြီးရင် နေ့အသစ်တခုရောက်လာမှာပဲလေ။ ကျမရှင်သန်သရွေ့ ကျမဘေးနားကလူတွေ အတူရှင်သန်နိုင်ဖို့ ကျမတို့ချင်း လက်ချင်းမြဲမြဲချိတ်ပြီး ဆက်လုပ်ရမှာပဲ။ 

အခု ကျမပြန်တွက်ကြည့်မိတော့ ဒီဆယ်ရက်အတွင်းမှာ ကျမမိတ်ဆွေတွေနဲ့အတူ ဝိုင်းကူခဲ့ကြတဲ့သူတွေထဲမှာ ရှင်သန်တဲ့သူ များပါတယ်။ အဖိတ်အစင် အတော်နည်းပါတယ်။ ကျမ ဆေးတွေသွားပို့ခဲ့တဲ့ အိမ်ထဲမှာ လဲနေတဲ့ သားအမိသုံးယောက်ဆီကို ဆရာဝန်တယောက်ပါ ရောက်လာကုပေးလို့ ပြန်နာလန်ထလာတယ်လို့ ညီမလေးက ပြောပါတယ်။ ကျန်တဲ့ ကျမသူငယ်ချင်း ဆွေမျိုးမိတ်ဆွေ အတော်များများလည်း တဖြည်းဖြည်း နာလန်ထလာပြီ။ အဆုတ်မကောင်းတဲ့ အဘိုးတစ်ယောက် ဖိတ်စင်သွားတာကလွဲလို့ပေါ့။ ကျမလည်း ကိုယ့်ဘာသာ Home Q လုပ်တာ ၁၂ ရက်ရှိပြီ။ ခုချိန်ထိ အဆင်ပြေပါတယ်။ မိသားစုထဲက တယောက်ကိုမှ ကူးစက်တဲ့လက္ခဏာ မတွေ့ရပါဘူး။ 

ဒီအချိန်မှာ ရောဂါကူးမှာစိုးလို့ဆိုပြီး ကျမတို့ ဘယ်သူ့ကိုမှ ပစ်ထားလို့မရပါဘူး။ ကျမတို့ထက် အများကြီးငယ်တဲ့ ကိုးတန်း ကျောင်းသား ကျောင်းသူလေးတွေတောင်မှ တာဝန်သိစွာနဲ့ သူတို့ တတ်နိုင်တဲ့နည်းနဲ့ ကိုယ်ကျိုးစွန့် ကူညီနေကြတာပဲ။ ဒီကျောင်းသားကလေးတွေက ကျမတို့အတွက် နေ့အသစ်ကို ဆောင်ကြဉ်းပေးမယ့် အလင်းရောင်ပါပဲ။ ကျမတို့ကို ခွန်အားပေးသူတွေပါပဲ။

ရောဂါမကူးအောင် ကျမတို့ လူချင်းတော့ ခပ်ခွာခွာနေဖို့ လိုပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လူချင်း ဘယ်လောက်ခွာနေနေ နှလုံးသားတွေ ချိတ်ဆက်ထားဖို့ပဲ။ ဘာလို့လဲဆိုတော့ နှလုံးသားတွေ ချိတ်ဆက်ထားမှ ကျမတို့အတူတူ ရှေ့ဆက်ရှင်သန်နိုင်မှာမို့လို့လေ။ 

မွန်မွန်မြတ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up