
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ထဲမျောပါလာတဲ့ “အောင်ဖြိုးဦး” အမည်ရှိ မော်တော်ပေါ်ကနေ လူသေအလောင်း ၃ လောင်းတွေ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မဲဒင်ကျေးရွာအထက်ဘက်မှာ သစ်တွေ တင်ဆောင်လာတဲ့ မော်တော်ဟာ ချင်းတွင်မြစ်အထက်ပိုင်းကနေ မျောပါလာပြီး မဲဒင်ကျေးရွာအထက်မှာ သောင်တင်နေတာကြောင့် အနီးနားကျေးရွာဒေသခံတွေက မသင်္ကာလို့ သွားရောက်ကြည့်ရာကနေ သေဆုံးသူ အမျိုးသား ၃ ဦး ရုပ်အလောင်းနဲ့ စစ်သားယူနီဖောင်း ၂ စုံကို ဇူလိုင် ၁၈ ရက် ညနေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ တူမတော်စပ်သူတစ်ဦးက "ကျမ ဦးလေး မော်တော်ပါ။ အခုတွေ့တဲ့ ရုပ်အလောင်း ၃ လောင်းပါ။ ကျမ ဦးလေးရယ်၊ မော်တော်သား ၂ ဦးရယ်ပါ။ ကျမတူလေးရယ်၊ အစ်မရယ်၊ နောက်ထပ် မော်တော်သား ၂ ယောက်ရယ်ကတော့ အခုအချိန်အထိ ဘာသတင်းအစနမှ မရသေးဘူး။ သေသလား၊ ရှင်သလားမသိရသေးပါဘူး။ ရက်ရက်စက်စက်သတ်ပြီး အလောင်း ၃ လောင်းကို မော်တော်အတွင်းမှာပါတဲ့ သစ်သားတွေအောက်ဖုံးဖိပြီး မော်တော်နဲ့ အတူရေထဲမျောလိုက်တာရှင့်။” လို့ ပြောပါတယ်။
အဆိုပါ မော်တော်ကို ကနီမြို့ အထက်ဘက်မှာ တွေ့ရှိတာဖြစ်ပြီး မော်တော်မှာ လိုက်ပါလာသူတွေကို ဘယ်သူ၊ ဘယ်အဖွဲ့က သတ်လိုက်တယ်၊ ဘာကြောင့် သတ်လိုက်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ကနီမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီကနေ ပစ်သတ်ခဲ့တာတွေ ယင်းကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွာခဲ့ပြီး အခုမော်တော်ပိုင်မိသားစုနဲ့ မော်တော်လုပ်သားတွေကို သတ်တာကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပြုလုပ်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပါတယ်။