Home
ဆောင်းပါး
COVID နဲ့ စိတ်
DVB
·
July 18, 2021

ကျနော်တို့တွေ ငဗစ်ရယ်၊ ငစစ်ရယ်၊ ငညစ်တွေရယ်ကြောင့် အောက်ဆီဂျင်တစ်ရှိုက်တောင် ရှူခွင့်ရဖို့ မနည်းရုန်းကန်နေရတဲ့ အချိန်မို့ ဒီစာလေးရေးလိုက်ပါတယ်။ External မှာ တော်လှန်ရေးကအစ ဆေးတစ်လုံးရဖို့အဆုံး ရုန်းကန်နေတုန်းမှာပဲ Internal (စိတ်) မှာလည်း ရင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။

.အောက်ဆီဂျင် လိုအပ်မှု၊ စားသုံးမှုနဲ့ ထောက်ပံ့မှု

ကိုဗစ်မှာ အဓိကပြဿနာတက်တာ အဆုတ်။ အဆုတ်ပျက်ရင် အဆုတ်က အောက်ဆီဂျင် စုပ်ယူရတာ အခက်အခဲရှိလာတယ်။ အောက်ဆီဂျင် မဝတော့ဘူး။ ဒါကြောင့် ပုံမှန်လေထုထဲမှာ ပါတဲ့ အောက်ဆီဂျင်ထက်ကို သိပ်သည်းဆများတဲ့ အောက်ဆီဂျင်လေကို ရှူနိုင်ဖို့ စီစဥ်ကြတယ်။ ဒါက ထောက်ပံ့မှုကို ပြန်မြင့်အောင်လုပ်တာ။

တစ်ဘက်မှာ နောက်ထပ်အရေးကြီးတာက အောက်ဆီဂျင် စားသုံးမှုနဲ့ လိုအပ်မှု။ အောက်ဆီဂျင် စားသုံးမှုကို လျှော့ချဖို့လိုတယ်။ ကျနော်တို့ ခန္ဓာကိုယ်ကြီးက နေမကောင်းတဲ့အခါ၊ ဒဏ်ရာရတဲ့အခါ၊ stress ရှိတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ကိုယ်လှုပ်ရှားတဲ့အခါတွေမှာ အောက်ဆီဂျင် စားသုံးမှုက ပိုမြင့်လာတယ်။ စားသုံးမှုပိုမြင့်လာတော့ အောက်ဆီဂျင် လိုအပ်မှုကလည်း ပိုတက်လာတယ်။ ဒါ့ကြောင့် အောက်ဆီဂျင်ထောက်ပံ့မှုနည်းနေတဲ့အချိန်မှာ အောက်ဆီဂျင်လိုအပ်မှု လျော့အောင် ထိန်းချုပ်ရတာကလည်း အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တယ်။

.ပိုဆိုးပြီးရင်း ဆိုး

လူနာတစ်ယောက် ကိုဗစ်ကြောင့် အသက်ရှူကြပ်လာတဲ့အခါဆိုရင် သူတို့ခမျာ အသက်ကို ပုံမှန်ရှူဖို့ သတိမရကြတော့ဘူး။ အသက်ကို အတင်းကြီး၊ အမြန်ကြီး ရှူလာတယ် (အရမ်းအမြန်ရှူရင် အဆုတ်က အောက်ဆီဂျင် သေချာမစုပ်ယူနိုင်) ။ တစ်ချို့က အသက်မရှူဘဲ တအီးအီးနဲ့ ညည်းနေတယ်။ တချို့က အသက်မရှူဘဲ "အသက်ရှူမဝဘူး၊ လုပ်ကြပါဦး၊ ကယ်ကြပါဦး" စသဖြင့် အော်နေတယ်။ အဲတော့ လေထုထဲမှာ ရှိပြီးသား အောက်ဆီဂျင်ကိုပါ ထိထိရောက်ရောက် မရှူနိုင်တော့ဘူး။ ​အောက်ဆီဂျင် ထောက်ပံ့မှုက မရသထက် ပိုမရတော့ဘူး။

တစ်ခါ stress တွေ တက်လာတယ်။ စိတ်အရမ်းလှုပ်ရှားလာတယ်။ ခန္ဓာကိုယ်က ဟိုဘက်လှိမ့်ဒီဘက်လှိမ့်တွေဖြစ်လာတယ်။ အဲဒီ့အခါမှာ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို အရမ်းစားသုံးလာပြီး အောက်ဆီဂျင်လိုအပ်မှုကလည်း ပုံမှန်လိုနေတာထက်ကို ပိုလိုလာတယ်။ အဲ့တော့ သွေးတွင်း အောက်ဆီဂျင်က ကျပြီးရင်း ထိုးကျကုန်တာ။ 

. ဖြေရှင်းနိုင်ဖို့

ဒီပိုဆိုးစေတဲ့ စက်ကွင်းကို လွတ်ထွက်ဖို့က 'စိတ်'... တနည်းအားဖြင့် 'သတိ' က တော်တော်လေး အခရာကျတယ် (ခက်လည်း အခက်ခဲဆုံးပဲ)။ စိတ်ကို ငြိမ်အောင်ထားပြီး အသက်ရှူတဲ့ "ရှူသွင်းတယ်... ရှူထုတ်တယ်" ဆိုတဲ့ rhythm လေးကို လွတ်မသွားအောင် ထိန်းထားနိုင်ရင် ထိရောက်တဲ့ အသက်ရှူမှုကို ဆက်ရနေတယ် (အောက်ဆီဂျင်ကို အတိုင်းအတာတစ်ခုထိ ဆက်ရနေတယ်)။

တစ်ခါ စိတ်ထဲမှာ ကိုယ့်ခန္ဓာကိုယ်ထဲက လှုပ်ရှားနေမှုတွေကို အငြိမ်ဆုံး၊ အနှေးဆုံးဖြစ်အောင် အာရုံပြုနိုင်ရင် အောက်ဆီဂျင်စားသုံးမှုက လျော့ကျသွားတယ်။ စားသုံးမှုလျော့ကျသွားတော့ အောက်ဆီဂျင် လိုအပ်မှု၊ တောင့်တမှုကလည်း လျော့ကျလာတယ်။

ဒီလို လေထုထဲက ရှိပြီးအောက်ဆီဂျင်ကိုလည်း အထိုက်အလျောက် ဆက်ရှူနိုင်သလို ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်လိုအပ်မှုကိုလည်း လျှော့ချနိုင်ရင် အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးအများကြီး ပိုရပါတယ်။ အဲ့အချိန်​လေးမှာ ​ရောဂါအ​ခြေအ​နေအပြင်၊ စိတ်နဲ့ သတိ​လေးက အရမ်းအ​ရေးကြီးတယ်။

.အကူအညီလိုတယ်

ခုနက ပြောတာ စာနဲ့ရေးတော့ လွယ်သလောက် တကယ်​​ဝေဒနာခံရသူအဖို့ လိုက်လုပ်ဖို့ အတော်ကြီး ခက်တယ်။ အဲ့ချိန်မှာ ကိုယ့်စိတ်က ဂနာငြိမ်ဖို့ ခက်သလို သတိကပ်ဖို့လည်း အတော်ခက်တယ်။ သတိက အသက်ရှူမဝလို့ ဒုက္ခရောက်နေတဲ့ဆီကိုပဲ ရောက်နေတယ်။ ဒီအချိန်မှာ လူနာအတွက် အရေးအပါအဆုံး၊ အကူအညီအလိုဆုံးက အနီးကပ်စောင့်ရှောက်တဲ့လူ ဖြစ်လာတယ်။

ဘေးနားကကိုယ်က "ဟာ လုပ်ကြပါဦး... လုပ်ကြပါဦး" ဘာညာ အော်ဟစ်ပြီး လိုက်ပြာယာမနေဖို့ ကိုယ့်ကိုယ်ကိုယ် အရင်သတိပေးရမယ်။ ပြီးရင် လူနာကို စိတ်ငြိမ်အောင် ဖျောင်းဖျပေးရမယ်။ အရေးကြီးဆုံးက လူနာ အသက်ရှူနိုင်ဖို့ "rhythm" ခေါ်ပေးဖို့ပဲ။ "ရှူသွင်း....... ရှူထုတ်.............. ရှူသွင်း....... ရှူထုတ်..........." ဆိုပြီး လူနာ နားဝင်အောင် ညင်ညင်သာသာလေး rhythm ခေါ်ပေးရမယ်။

ဒါက အသက်ရှူအရမ်းကြပ်နေလို့ ကိုယ့်ဘာသာ အသက်ရှူဖို့ သတိကပ်ရခက်နေတဲ့ လူနာအတွက် အများကြီး အထောက်အကူဖြစ်တယ်။ ဘေးက ဒီအသံလေးကို ကြားလာရပြီး ဒီအသံလေးအတိုင်း သူလိုက်ရှူရတာဟာ သူ့အတွက် အသက်ပြန်ရှူနိုင်ဖို့ အထောက်အကူဖြစ်သလို ဂရုစိုက်ခံရတဲ့ စိတ်လေးလည်း ဖြစ်စေတယ် (ဂရုစိုက်ခံရတဲ့ စိတ်လေးနဲ့ ဆက်စပ်ပြီး ထွက်လာတဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းလေးတွေကလည်း စိတ်နဲ့ ခန္ဓာတည်ငြိမ်ဖို့ အထောက်အကူ အတော်ပြုတယ်)။

Rhythm ခေါ်တဲ့အခါမှာ လူနာ လိုက်နိုင်မယ့် နှုန်းလေးနဲ့စပြီး ကိုယ်လိုချင်တဲ့ဘက်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်ရတယ်။ သူက အရမ်းကြီး အမြန်ကြီး ရှူနေတဲ့အချိန် ကိုယ်က တအားဖြည်းဖြည်းလေး သွားမခေါ်နဲ့။ လူနာက rhythm ခေါ်တဲ့အတိုင်း လိုက်ဖို့ သူ့အတွက် အရမ်းခက်ရင် မလိုက်တော့ဘဲ နေလိမ့်မယ်။ အဲ့တော့ သူလိုက်နိုင်သလောက်ကနေ ပုံမှန် rhythm ရတဲ့အထိ ဖြေးဖြေးချင်း ချော့ခေါ်ဖို့ လိုမယ်။

လူနာက ဒီ rhythm လေးအတိုင်း ပြန်ရှူနိုင်လာပြီဆိုရင် သွေးတွင်းအောက်စီဂျင် level က တကယ်သိသိသာသာ ပြန်တက်လာတတ်တယ်။ ပြန်တက်လာလည်း အဲ့တိုင်းလေး rhythm ဆက်ခေါ်ပေးထားဦး။ လူနာက ​အောက်စီဂျင် မဝတဲ့ ဒုက္ခတွေ၊ stress တွေက​နေ ​​ပြေ​လျော့သွားပြီး သူ့ဘာသာလေး အသက်ပြန်ရှူဖို့ အဆင်ပြေလောက်ပြီဆိုမှ ရပ်လိုက်... အဲ့ကျ သူ့ဘာသာလေး ပုံမှန်ဆက်ရှူရင်း အနားယူနေလိမ့်မယ်။ နောက်တစ်ခါ ပြန်ဖြစ်လာလည်း အသက်ရှူ rhythm ကို အဲ့လိုလေး ချော့ခေါ်ပေး။ နည်းနည်းတော့ ပင်ပန်းတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အားတင်းထား။

.အလေ့အကျင့်လိုတယ်

တခါတလေမှာ rhythm ခေါ်နေလျက်နဲ့ rhythm ကို မလိုက်နိုင်တာမျိုး ဖြစ်တတ်တယ်။ ဒါက ​ရောဂါအ​ခြေအ​နေ​ကြောင့်လား၊ ဒါမှမဟုတ် rhythm ခေါ်တဲ့သူက လူနာရဲ့ flow နဲ့အတူ လိုက်မခေါ်တတ်လို့လား၊ ဒါမှမဟုတ် လူနာကိုက စိတ်ကြီးတတ်တဲ့ (temper မြင့်တဲ့၊ impulsive ဖြစ်တဲ့) သူမို့လား... ဒါတွေပေါ်မှာလည်း မူတည်တယ်။ ဆိုတော့ ဒီ rhythm ကို handle လုပ်နိုင်ဖို့က အလေ့အကျင့်ရှိရင်တော့ ပိုကောင်းတယ်။

အလေ့အကျင့်ကတော့ ကိုယ်ကိုယ်တိုင် လုပ်မှရမှာ။ ဘယ်အချိန်မဆို ကိုယ်ကိုယ်တိုင်လည်း လူနာဖြစ်နိုင်တာမို့ ကိုယ်ကိုယ်တိုင် လေ့ကျင့် (practice လုပ်) ထားဖို့လိုတယ်။ ဘာလဲဆိုတော့ Meditation။ တရားထိုင်တာလို့ပဲ ပြောရမလား။ အဓိက ပြောချင်တာက Mindfulness Practice ကို ပြောတာ။ ပုံမှန် လူကောင်းဖြစ်နေတဲ့အချိန်မှာ Meditation လေး ပုံမှန်လုပ်ထားနိုင်မှ အခက်အခဲဖြစ်တဲ့အခါမှာလည်း ကိုယ့်စိတ်၊ ကိုယ့်အသက်ရှူတာကို handle လုပ်နိုင်မှာ။

ကျနော်တို့ ရေထဲမှာ အသက်အောင့် လေ့ကျင့်သလိုပေါ့။ ရေထဲတစ်ခါမှ မဆင်းဖူးတဲ့သူကို ရေထဲပစ်ချလိုက်ရင် သူ အသက်အောင့်ဖို့/ အသက်ရှူ ထိန်းနိုင်ဖို့ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ သူ့ အာရုံက 'ငါရေနစ်နေပြီ' 'အသက်ရှူရင် ရေမွန်းတယ်' 'အသက်ရှူလို့ မရတော့ဘူး' 'ငါဒုက္ခရောက်နေပြီ' 'ငါသေတော့မယ်' ဆိုတဲ့ထဲကိုပဲ ရောက်နေပြီး stress တွေတက်၊ ခန္ဓာကိုယ်က ရုန်းကန်၊ အောက်စီဂျင် ပိုလိုပြီး ပိုဒုက္ခရောက်တယ်။ ရေထဲပုံမှန်ဆင်းပြီး ပုံမှန်အသက်အောင့်လေ့ကျင့်ခန်း လုပ်ဖူးတဲ့သူအတွက်တော့ ဒါတွေကို တဖြည်းဖြည်း handle လုပ်နိုင်လာသလို နောက်ပိုင်းဆို ရေထဲမှာ မျောနေတဲ့ ကိုယ့်ခန္ဓာကိုယ်အတွင်းက အရာတွေကိုလည်း (နှလုံးခုန်နှုန်းကအစ) ဖြည်းဖြည်းညင်ညင်လေး ရှိနေအောင် ထိန်းချုပ်တတ်လာတယ်။ ဒီလို practice လုပ်ထားတာတောင် ရေကူးကန်ထဲမှာ နေရတာနဲ့ ပင်လယ်ထဲ နေရတာ တူတာမဟုတ်ဘူး။

ဆိုတော့ ကိုယ်နေကောင်းနေတဲ့အချိန်မှာ (နေမကောင်းတဲ့ အချိန်မှာရော) meditation လေးကို တစ်နေ့ ဆယ်မိနစ်လောက်ဖြစ်ဖြစ် ပုံမှန်လုပ်ပေးဖို့လိုတယ်။ ကိုယ်အဆင်​ပြေတဲ့ ဘယ် meditation method ဖြစ်ဖြစ်ပါ။

နိဂုံး 

ဒါလေးက တကယ် လက်တွေ့အသုံးတည့်ပြီး အရေးကြီးတဲ့နည်းလေးမို့ ပြန်လည်မျှဝေပေးတာပါ။ တခြား ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး ဆောင်းပါးတွေ၊ ဆောင်ရန် ရှောင်ရန်တွေအပြင် ဒါလေးက ရိုးရှင်းသ​လောက် အရေးကြီးတယ်လို့ ယူဆလို့ပါ။ အခက်အခဲတွေကြားက အခက်အခဲထဲကနေ ကိုယ့်စိတ်လေးနဲ့ ဒီ ကိုဗစ်ကို အနိုင်တိုက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်ဗျာ။

ဉာဏ်ကျယ်စေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024