Home
ဆောင်းပါး
ကပ်ဘေး ၃ ပါးကို ဖန်တီးပြီး အာဏာသိမ်းမည့်အကြံ - ပြည်သူ လက်မခံ
DVB
·
July 17, 2021

ရှေးလူကြီးသူမ မိဘဘိုးဘွားတို့၏  အစဉ်အဆက် အဆုံးအမများအရ လောကီလူ့ဘောင်၌ မိစ္ဆာဒိဋ္ဌိ (False Belief) အယူဝါဒ လွှမ်းမိုးလာပြီးနောက် မင်းစိုးရာဇာတို့ ကိုယ်ကျင့်တရား ပျက်ပြားသောအခါ ကပ်ဘေးများ (Time of Catastrophes) ဆိုက်ရောက်တတ်သည်ဟု အဆိုရှိသည်။ အထူးသဖြင့် တရားမျှတမှုကို စောင့်ထိန်းရမည့် အုပ်ချုပ်သူ အထက်လွှာတို့ ဝိသမလောဘကို မထိန်းသိမ်းနိုင်ဘဲ၊ အနိုင့်အထက် ဗိုလ်ကျလုယက် သတ်ဖြတ် ကိုယ်ကျိုးရှာကြသော အခါ သတ္ထန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရာကပ်ဟူသည့် ကပ်သုံးပါနှင့် ကြုံရတတ်သည်ဟု ဘိုးဘေးဘီဘင် အဆက် ဆက် ဆိုရိုးရှိခဲ့သည်။ 

သတ္ထန္တရကပ်ဆိုသည်မှာ ဓား၊ လှံ၊ လေးမြား၊ သေနတ်၊ ဗုံး အစရှိသည့် လက်နက်များကို အသုံးပြု၍ စစ်မက်များ ဖြစ်ပွားခြင်းကြောင့် အသက်အန္တရာယ် ပေါ်ပေါက်၍ သေကျေကြရသည်ကို ယေဘုယျအားဖြင့် သတ္ထန္တရကပ်ဟု ဆိုသည်။ 

အုပ်စိုးသူတို့ မင်းကျင့်တရားပျက်ပြားသဖြင့် မိုးခေါင်ရေရှားပြီး ရာသီဥတုပျက်ပြားသည့်အခါ စားရေရိက္ခာ စပါးဆန်ရေ ရှားပါးမှုကြောင့်  ငတ်မွတ်ခေါင်းပါးမှု အငတ်ဘေးဆိုက်တတ်သည်။ အငတ်ဘေးကြောင့်  အသက်အန္တရာယ်ဖြစ်ပေါ် လာခြင်းကို ဒုဗ္ဘိက္ခန္တရကပ်ဟု ဆိုသည်။ ထို့ပြင် အုပ်စိုးသူတို့ မင်းကျင့်တရားပျက်ပြားကြရုံမက အဓမ္မဝါဒဖြင့် တိုင်းသူ ပြည်သားတို့အပေါ် အနိုင်ကျင့်ကြသဖြင့် ဗြဟ္မစိုရ်တရားကင်းမဲ့လာကာ ရောဂါဆိုးများဖြစ်ပေါ်လာသောကြာင့်  အသက် အန္တရာယ်ကြုံကြရသည်။ ယင်းသို့သော ရောဂါဘေး အဖြစ်ဆိုးမျိုးကို ရောဂန္တရကပ်ဟု ဆိုသည်။ ယခုအခါ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဖြင့် ဗိုလ်ကျ စိုးမိုးနေသော အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် အုပ်ချုပ်မှုကို ရင်ဆိုင်နေကြရသည်။ လတ်တလော အဓမ္မဝါဒီ မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည်  ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ  ရက်စက်ယုတ်မာ ဗိုလ်ကျအနိုင်ကျင့်သည့်နည်းဖြင့် အုပ်ချုပ်လျက်ရှိသည်။ အကျိုးဆက်မှာ တပြည်လုံး ကပ်သုံးပါးဘေးနှင့် တွေ့ကြုံနေကြရပေသည်။ 

သတ္ထန္တရကပ် သို့မဟုတ် ပြည်တွင်းစစ် ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ် (၇) ခုကျော်လာပြီဖြစ်သည်။ သို့သော် ယခုတကြိမ် ဆက်လက်ဖြစ်ပွားသည့် ပြည်တွင်းစစ်မှာ ပိုမိုကြီးမားကျယ်ပြန့်သည်။ ဂျန်ဇီး(Gen-Z) ဟု ခေါ်ဆိုကြသည့် လူငယ်မျိုးဆက်သစ်များ ဦးဆောင်သော နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုမှုဖြစ်သော်လည်း အကြမ်းဖက် စစ်တပ်က စစ်အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် လက်နက်မဲ့ပြည်သူ ၉၀၆ ယောက် သေဆုံးခဲ့ရပြီး ၆၆၇၆ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇူလိုင် ၁၃ နေ့အထိ ရရှိ ထားသော အချက်အလက်များကို ကြေညာခဲ့သည်။

ထို့ကြောင့် ယခုအခါ လူငယ်များအနေဖြင့် စစ်တပ်ဗိုလ်ကျ စိုးမိုးမှုကို အမြစ်လှန်ရန်ဟုဆိုကာ လက်နက်ကိုင်တိုက်ပွဲဝင်ရေး ဆုံးဖြတ်လိုက်ကြသည်။ ထိုလူငယ်အင်အားစုသည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်ဒေသအသီးသီးတွင် စစ်သင်တန်းတက်နေကြပြီဖြစ်၍ မကြာမီ တပြည်လုံးအတိုင်းအတာဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။ သို့ဖြစ်၍ ယခု ဆက်လက် ဖြစ်ပေါ်လာမည့် စစ်ရေးပဋိပက္ခသည် ပိုမိုကြီးမားသည့် ပြည်တွင်းစစ် သို့မဟုတ် သတ္ထန္တရကပ်ဟု ဆိုရပေမည်။

လတ်တလော မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂ သိန်း ၁ သောင်း ကျော်လာနေပြီ ဖြစ်သည်။ သေဆုံးသူပေါင်း ၄၅၀၀ ကျော်နှင့် အာဆီယံနိုင်ငံများအနက် ရောဂါကူးစက်သေဆုံးမှုနှုန်း အများဆုံး ၃ နိုင်ငံစာရင်း၌ ပါ၀င်နေသည်။

မြန်မာနိုင်ငံ၌ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၆,၁၉၄ ယောက်၊ သေဆုံးသူ  အယောက် ၁၉၀ ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၁၈,၇၃၉ ယောက်ထိ ရှိလာကြောင်း စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်ညက ထုတ်ပြန်ခဲ့သည်။

ဤအတောအတွင်း မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း ပြင်းထန်နေသဖြင့် အောက်စီဂျင် မလုံလောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။ ဖျားနာသူ တစ်ရာအနက် သုံးဆယ်ရာခိုင်နှုန်းအထိ အောက်ဆီဂျင်ရရှိရန်  လိုအပ်နေသည်ဟု မန္တလေးမြို့အခြေစိုက် ဆရာဝန်များက RFA သတင်းသို့ပြောကြောင်း သိရသည်။ စစ်ကောင်စီ၏  ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ ဌာနများက လူနာများကို အောက်ဆီဂျင် ၈၀ ရာခိုင်နှုန်း အောက်ရောက်မှ လာခဲ့ဟု ဆိုကာ  ပြန်လွှတ်နေသဖြင့်၊ ပြင်ပတွင် အောက်ဆီဂျင်ရှာရသည့် ပြဿနာဖြစ်လာနေရသည်ဟု မန္တလေးမြို့တွင် ကူညီကုသပေးနေသော လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆရာဝန် တစ်ယောက်က RFA ကို ပြောသည်ဟု ဆိုသည်။ 

ကိုဗစ်-၁၉ လူနာများ၏ ခန္ဓာကိုယ်၌ အောက်ဆီဂျင် ကျဆင်းလာမှုအတွက် အကူအညီတောင်းခံနေကြသည်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာများတွင် အများအပြား တွေ့နေရပြီး၊ အောက်ဆီဂျင် မရသဖြင့် သေဆုံးသွားသူများ၏  သတင်းများကိုလည်း မပြတ်တွေ့နေရကြောင်း သတင်းများ၌ ဖေါ်ပြလျက်ရှိသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်စင်တာများနှင့် အစိုးရဆေးရုံကြီးများကို အောက်ဆီဂျင် ပေးသွင်းရမည်ဖြစ်သောကြောင့် ပုဂ္ဂလိက အောက်ဆီဂျင်အိုးများကို ဖြည့်သွင်းပေးခြင်း မပြုရန် စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ယာယီရပ်နားထား ကြောင်း သိမ်ဖြူသင်္ဘောကျင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာထားသည်ဟု RFA  သတင်းက ဆိုသည်။ အလားတူ ရွှေပြည်သာမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံတစ်ခုကလည်း ဖောင်ကြီး ၊အသည်းဆေးရုံ၊ အင်းယားကိုဗစ်စင်တာနှင့် အစိုးရဆေးရုံကြီးများကိုသာ ပေးသွင်းရမည်ဖြစ်၍  အောက်ဆီဂျင် မလုံလောက်သဖြင့် ပုဂ္ဂလိက အောက်ဆီဂျင်အိုးများ ဖြည့်သွင်းပေးမှုကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။ 

ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်ရှိ အောက်ဆီဂျင်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက အောက်ဆီဂျင် ဖြည့်ပေးခြင်း မပြုရန် စစ်ကောင်စီက ရပ်ဆိုင်းခိုင်းသည်မှာ အမှန်ဖြစ်ကြောင်း၊ ဆေးရုံကြီးနှင့် ကိုဗစ်စင်တာများအတွက် အောက်ဆီဂျင်အိုးများကို မဖြစ်မနေ အရင်ဦးစားပေးဖြည့်ပေးရမည်ဖြစ်၍၊ ပြင်ပမှ လာရောက် ဖြည့်သူများကို ရပ်နားထားရန် ညွှန်ကြားထားသည်ဟု မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်က စစ်ကားဖြင့် လာ‌ရောက်ပြောကြားထားကြောင်း ရန်ကုန် ခေတ်သစ်မီဒီယာက အတည်ပြု ပြောဆိုသည်။ 

စစ်ကောင်စီ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအစီအမံသည် အလွန်တရာ နုံချာညံ့ဖျင်းသည်ကို မြင်နေ ရသည်။ သို့မဟုတ် ပြည်သူလူထုအပေါ် စေတနာမပါဘဲ အာဃာတဖြင့် အပေါ်ယံဟန်ပြသဘော ကိုဗစ်၁၉ ကပ်ရောဂါကို တိုင်တွယ်နေခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်သည်။ ယခင် အရပ်သားအစိုးရလက်ထက် ကိုဗစ်-၁၉ ဒုတိယလှိုင်း အထိ တာဝန်ယူဆောင်ရွက်ခဲ့ပုံနှင့် နှိုင်းယှဉ်လျှင် ဆီနှင့် ရေဟု ဆိုရမည်။ ကာကွယ်ဆေးထိုးရေးကိစ္စကိုလည်း ယခုအချိန်အထိ စမ်းတဝါးဝါး လုပ်နေသည်။ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ တိုးတက်ဖြစ်ထွန်နေသော စီးပွားရေးနှင့်ပညာရေး အပါ အဝင် ကဏ္ဍပေါင်းစုံ အနုတ်လက္ခဏာ အောက်သို့ ထိုးဆင်းစေခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် နုံချာညံ့ဖျင်းလွန်းသော စစ်တပ်၏ စီမံမှုအောက်တွင် ပြည်သူတို့၏ အဖိုးတန် အသက်ပေါင်း များစွာကို စတေးနေရပြန်လေပြီ။ 

တနိုင်ငံလုံး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေခြင်းသည် အကြမ်းဖက် စစ်ကောင်စီက ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေသောကြောင့် ဖြစ်သည်ဟု ပြည်သူအများက ယုံကြည်နေသည်။  အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်၊ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးက အကျဉ်းထောင်များတွင် ကိုဗစ် ကပ်ရောဂါကူးစက်ပြန့်ပွား သေဆုံးမှုများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီအား ပြင်းပြင်းထန်ထန် သတိပေးကြောင်း ဇူလိုင် ၁၃ ရက်စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။  

မြန်မာနိုင်ငံတဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြောက်ခမန်းလိလိ သေဆုံးမှုများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီက လူသားချင်းစာနာမှု မရှိဘဲ အာဏာတည်မြဲရေးကိုသာရှေးရှု၍ ပြည်သူလူထုအား ဖိနှိပ်ရာ၌ ကိုဗစ်-၁၉ ရောဂါကို လက်နက် သဖွယ် အသုံးချနေသည်ဟု NUG က ဆိုသည်။ လူတိုင်းလွတ်လပ်စွာ ဆေးကုသ ပိုင်ခွင့်သည် အခြေခံ လူ့အခွင့်အရေး တရပ်ဖြစ်သော်လည်း စစ်ကောင်စီက ပြည်သူများ ဆေးကုသခွင့် ဆုံးရှုံးစေရန် နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးနေသည်ဟု ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။ ထိုသို့ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို သက်သေ သာဓက အမြောက်အမြားတွေ့ရှိ ထားသည်ဟု ဒီဗွီဘီ သတင်း၌ ဖေါ်ပြသည်။

ပြည်သူလူထုအနေဖြင့် “ပြေးစရာ မြေမရှိ” ဆိုသကဲ့သို့ စိတ်ဓာတ်လုံခြုံမှု မရှိဘဲ နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ ဆင်းရဲမှု ခံစားနေရသည်ကိုလည်း ကြားသိနေရကြောင်း၊ ထို့ထက်ပိုဆိုးသည်မှာ အကျဉ်းထောင်များအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ ကူးစက်၊ သေဆုံးမှုနှုန်းသည် စိုးရမ်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်နေကြောင်း  ခိုင်လုံသော သတင်းရင်းမြစ်များမှတဆင့် သိရှိသည်ဟု ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။ 

အထူးသဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ကိုဗစ်-၁၉ ရောဂါကူးစက် သေဆုံး စေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများအား ရောဂါကူးစက်မှုကြောင့် ထိခိုက်သေဆုံးမှုများ မဖြစ်ပွားစေရန် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူရရှိနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း NUG က သတိပေးထားသည်။ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် လုံလောက်သည့် ဆေးဝါးကုသမှု မရရှိဘဲ ထိခိုက်နစ်နာမှုများ ဖြစ်လာခဲ့ပါက ယင်း အကျိုးဆက် အားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ လူမဆန်သော လုပ်ရပ်များအတွက် ပြည်သူ့ဆန္ဒအရ တရားဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွား မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း ပြင်းထန်နေပြီး၊ အောက်ဆီဂျင် မလုံလောက်သည့် ပြဿနာ ကြီးမား နေသည်။ ဖျားနာနေသူ လူတစ်ရာတွင် သုံးဆယ်ရာခိုင်နှုန်းခန့်အထိ အောက်ဆီဂျင်ရရှိရန် လိုအပ်နေကြောင်း  မန္တလေးမြို့ အခြေစိုက် ဆရာဝန်များက RFA သတင်းသို့ ပြောသည်ဟု ဆိုသည်။ အောက်ဆီဂျင်မရသဖြင့် နေ့စဉ် ကိုဗစ်၁၉ လူနာများ  သေဆုံးမှု တိုးလာနေသော်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်ဆီဂျင် မလုံလောက် ကြောင်း ပြောဆိုချက်များကို နိုင်ငံရေးအမြတ်ထုတ်မှုဟု ဆိုကာ ငြင်းပယ်နေသည်။

မင်းအောင်လှိုင်က အောက်ဆီဂျင် လုံလောက်မှု ရှိသည်ဟု ပြောနေသော်လည်း ဇူလိုင် ၁၃ ရက်နေ့ တစ်ရက်တည်းမှာပင် မန္တလေးမြို့၌ သုံးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူနာ ၅၀ ဝန်းကျင်ခန့် အောက်ဆီဂျင်ပြတ်၍  သေဆုံးခဲ့ရသည်ဟု  ရုပ်အလောင်းများ သယ်ယူပို့ဆောင်ပေးနေသော ပရဟိတ မင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA သတင်းသို့ အတည်ပြုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်ခဲ့စဉ်  မင်းအောင်လှိုင်က အောက်ဆီဂျင် အလုံအလောက်ရှိသည်ဟု ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ အောက်ဆီဂျင် မလုံလောက်ဟုဆိုသော Information အမှားများဖြင့် လူတချို့က ပွဲလန့်တုန်း ဖျာခင်းနေကြခြင်းသာ ဖြစ်သည်ဟု သူက ဆိုသည်။

မြေပြင်လက်တွေ့ အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအရေအတွက် နေ့စဉ်နှင့်အမျှ တိုးမြင့်လာနေပြီး ဆေးရုံ၊ ဆေးခန်းများကလည်း လက်ခံကုသပေးရန် အခက်အခဲများ ရှိလာနေသောကြောင့် ကိုယ့်နေအိမ်မှာပင် ရောဂါဝေဒနာဒဏ်ကို ခံစားရင်း အောက်ဆီဂျင်ပြတ်လပ် သေဆုံးမှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ရှမ်းမြောက် ဒေသမြို့နယ် ၂၀ ကျော်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယလူနာများအနက် အောက်ဆီဂျင်မရသဖြင့် သေဆုံးရသူ စုစုပေါင်း ဇူလိုင် ၁၂ ရက်နေ့အထိ ၁၀၀ ကျော်အထိ ရှိနေကြောင်း၊ ယင်းတို့အနက် လားရှိုးမြို့ ဆေးရုံတခုတည်းမှာပင် ပိုးတွေ့လူနာသေဆုံးသူ ၃၀ ဦးရှိခဲ့သည်ဟု ဆိုသည်။ ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများ အားလုံးနီးပါးတွင် လူနာ များပြည့်နေ၍ လက်မခံဘဲ ပြန်လွှတ်နေသည်ဟူသော သတင်းများကြောင့် အိမ်မှာနေရင်း အောက်ဆီဂျင်နှင့် နေကြသည့် လူနာများလာနေသည်ဟု မန္တလေးမြို့အခြေစိုက် ပရဟိတ မင်းခေါင်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့အများအပြားအတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျယ်ပြန့်လာနေသည်ဟု ဆိုသော်လည်း စစ်တပ်က သတင်းများ ဖုံးဖိထားသည်။ သို့သော် စစ်တပ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးအတွက် လိုအပ်နေသည့် ဆေးဝါးနှင့် အထောက်အကူပစ္စည်းများကို အရပ်ဘက်ပရဟိတဆေးခန်းများထံမှ အဓမ္မသိမ်းယူနေသည့် ဖြစ်ရပ်များလည်း တွေ့မြင်နေရသည်။ ထို့အပြင် စစ်အုပ်စုလူနာများအတွက် အောက်ဆီဂျင်ရရှိရေးကို အထူးဦးစားပေး ဆောင်ရွက်နေခြင်းကြောင့် ပြင်ပ အရပ်သားလူနာများ အောက်ဆီဂျင် အလွယ်တကူ မရရှိဘဲ ဖြစ်နေရသည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။  

အခြားအဟန့်အတား တခုမှာ ညမထွက်ရအမိန့်ဖြစ်သည်။ ညဘက်တွင် အောက်ဆီဂျင် အရေးပေါ်လိုအပ်သည့် လူနာများအတွက် ပရဟိတအဖွဲ့များက ကူညီရန် ကြိုးပမ်းသော်လည်း စစ်သားများက သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ အောက်ဆီဂျင်အိုးများ သိမ်းယူသွားခြင်း စသည့် အတွေ့အကြုံများကြောင့် လူနာများ မသေဆုံးသင့်ဘဲ သေဆုံးနေကြရသည်ဟု ဆိုသည်။ ထို့ပြင် ခွဲစိတ်ကုသရမည့် အရေးပေါ်လူနာများအတွက်ပင် အောက်ဆီဂျင်မရသဖြင့် ခွဲစိတ်မှုများ ရွှေ့ဆိုင်းနေရသည်ဟု ခွဲစိတ်ဆရာဝန်ကြီးများက ပြောကြောင်း ကြားသိနေရသည်။ မင်းအောင်လှိုင်က အောက်ဆီဂျင် အလုံအလောက်ရှိသည်ဟု ပြောနေခြင်းမှာ စစ်အုပ်စုအတွက်ဆိုလျှင်တော့ ဖြစ်နိုင်ပါသည်။ အရပ်သားများအဖို့မှာမူ စစ်ဆေးရုံများကို အားထားခွင့်မရှိသဖြင့် အောက်ဆီဂျင်ပြတ်ကာ သေဆုံးရသည့် အရေအတွက် မြင့်တက်နေပေသည်။ 

အောက်ဆီဂျင်မရ၍ နေ့စဉ် ကိုဗစ်-၁၉ လူနာများ သေဆုံးမှု တိုးလာနေသော်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ အောက်ဆီဂျင် မလုံလောက်ဟု ပြောဆိုနေခြင်းသည် နိုင်ငံရေးအမြတ်ထုတ်မှု ဖြစ်သည်ဟု ဆိုနေသည်။ အောက်ဆီဂျင်ရရှိရေး ခက်ခဲအောင် လက်တွေ့ခြိမ်းခြောက်ဟန့်တားနေသူများမှာ စစ်သားများနှင့် ညမထွက်ရ အမိန့်ဖြစ်နေသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ သို့ဖြစ်၍ မင်းအောင်လှိုင်သည် ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ စေရန် ဇက်ကြိုးလွှတ်ထားခြင်းလား၊ စစ်အာဏာ သက်ဆိုးရှည်ရေးအတွက် ကိုဗစ်-၁၉ ကို အသုံးချနေပြီလားဟု မေးခွန်းထုတ်ဖို့ ဖြစ်လာနေသည်။ 

ဤအတောအတွင်း မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုကြောင့် လာမည့် လများအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနှင့် ကြုံရနိုင်၍ အရေးပေါ် ရိက္ခာ ဖြန့်ဖြူးနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူ Farhan Haq က ဇူလိုင် ၁၃ ရက်နေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ လာမည့် မုတ်သုံရာသီတွင် ပိုမိုဆိုးရွားနိုင်ကြောင်း၊ ကုလသမဂ္ဂက ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေသည့် အချက်နှင့် ဘဏ်ဝန်ဆောင်မှု အခက်အခဲဖြစ်နေသဖြင့် မုတ်သုံရာသီတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ အခက်အခဲ ထပ်ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ နောက် ၆ လအတွင်း သန်းနဲ့ချီသော မြန်မာ ပြည်သူများ အစာရေစာ ပြတ်လပ်မှုနှင့် ကြုံတွေ့နိုင်သည်ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO က ပြောဆို ထားသည်။ 

ယင်းသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံသည် အကြမ်းဖက် စစ်ကောင်စီ ဖန်တီးသည့် ပြည်တွင်းစစ် သတ္ထန္တရ ကပ်နှင့်  ကိုဗစ်-၁၉ ရောဂန္တရာကပ်တို့အပြင် စားရေရိက္ခာ ရှားပါးပြတ်လပ်မှုဆိုသည့် ဒုဗ္ဘိက္ခန္တရကပ်၏ ခြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။ အဆိုပါ ကပ်ဘေးဆိုး ၃ ရပ် ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သူမှာ အာဏာရူး မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်တပ်ဖြစ်သည်။ ထို့ကြောင့် ကပ် ၃ ပါးကို ကျော်နင်းနိုင်ရန် အာဏာသိမ်းစစ်အုပ်စုအား ဦးစွာ ချေမှုန်းကြရ ပေမည်။ 

နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် သွေးခွဲသတ်လျှိုမှု အမျိုးမျိုးကို နိုင်ငံရေးသတိကြီးကြီး ထား၍ ဂျန်ဇီးများ၊ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားအစည်းအရုံးများ၊ EAO များ၊ PDF များ၊ အကြား သွေးစည်းညီညွတ်မှု ခိုင်မာဖို့လိုသည်။ ထို့ပြင် CRPH နှင့် NUG တို့ကလည်း အာဏာသိမ်း စစ်အုပ်စုကို တော်လှန်နေကြသော မိတ်ဖက်အဖွဲ့အစည်းများနှင့် သွေးစည်းမှုရှိကြောင်း လက်တွေ့ပြသရန်လိုသည်။ အထူးသဖြင့် သူလျှို ဒလန်များဖြင့် တော်လှန်ရေးအင်အားစုအချင်းချင်း သွေးကွဲအောင်လုပ်လာမည့်အရေးကို သတိရှိစွာ လက်တွဲ ကာကွယ်ဖို့လို သည်။ သို့မှသာ ကပ်ကြီးသုံးပါးကို ဖန်တီး၍ အာဏာသိမ်းရန် ကြံသူ မင်းအောင်လှိုင်အုပ်စုကို ချေမှုန်းနိုင်မည်။ တဆက်တည်း ကပ်ဘေးဆိုး ၃-ရပ်ကိုလည်း နိုင်ငံအတွင်းမှ ဖယ်ရှားနိုင်မည်ဖြစ်ပေသည်။

ကောင်းဇေလူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024