Home
ဆောင်းပါး
အရေးထဲမှာ အရာပေါ်နေတဲ့ ရှမ်းနိုင်ငံရေး
DVB
·
July 13, 2021

နွေဦးတော်လှန်ရေး အရှိန်ရဖို့ တာစူနေတုန်းမှာပဲ ရှမ်းပြည်နယ်အတွင်းက ပဋိပက္ခတွေကလည်း သည်းသန်လာပါတယ်။ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့လောက်ရှိနေတဲ့ ရှမ်းပြည်နယ်ကြီးမှာ ပင်မ ရှမ်းလက်နက်ကိုင်အဖွဲ့ကြီးနှစ်ဖွဲ့ ဖြစ်တဲ့ SSPP နဲ့ RCSS တို့အကြား ပဋိပက္ခကနေ ‘ဝ’ နဲ့ ပလောင်တို့ပါ ပါဝင်လာတဲ့ ပတ်လည်စစ်ပွဲကြီး ဖြစ်လာနိုင်ခြေတွေ တိုးပွားများနေတာ ဖြစ်တယ်။ ဒါထက်ပိုတဲ့ နောက်ကွယ်က ပါဝင်နေနိုင်တဲ့ အင်အားကြီးနှစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ တရုတ်နဲ့ ဗမာစစ်တပ်ရဲ့ ပါဝင်မှုတွေပဲ ဖြစ်ပါလိမ့်မယ်။

ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ စတင်ပေါက်ဖွားရာဒေသကြီး ဖြစ်ပါတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်လောက်ကတည်းက ရှမ်းလက်နက်ကိုင် အင်အားကလေးတွေ စတင်ခဲ့တာ ဖြစ်တယ်။ သမ္မတစဝ်ရွှေသိုက်ရဲ့ တရုတ်ပြည် အလည်အပတ်ခရီးစဉ်မှာ သူကိုယ်တိုင်က ရှမ်းပြည်နယ်ဟာ ဗမာပြည်ကနေ ခွဲထွက်နိုင်တယ်။ သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်လိုတယ်။ ဒီနိုင်ငံဟာ တရုတ်နဲ့လည်း ပေါင်းချင်ပေါင်းသွားနိုင်တယ် ဆိုပြီး တရုတ်အစိုးရဘက်ကို ပြောခဲ့တာ ရှိပေမဲ့ တရုတ်က ဒီအကြံအစည်ကို လုံးဝလက်မခံ၊ အားမပေးခဲ့ဘူးလို့ ဆိုတယ်။ ဒီအကြောင်းက သမ္မတစဝ်ရွှေသိုက်ရဲ့ ခရီးစဉ်အတွင်း ဘာသာပြန်လုပ်ပေးခဲ့တဲ့ တရုတ်ရဲဘော်က ပြန်ရေးတဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။ ဒါကြောင့် ဗိုလ်နေဝင်း အာဏာသိမ်းအပြီး သမ္မတစဝ်ရွှေသိုက်ကို ဖမ်းဆီးထားချိန်ကတည်းက မဟာဒေဝီရဲ့ လူတွေက လက်နက်ကိုင်တော်လှန်ရေးကို အစပျိုးခဲ့တာ အဆန်းမဟုတ်တော့ပါဘူး။

KIA စတင်ပေါ်ပေါက်တာကလည်း ကချင်ပြည်နယ်ထဲမှာ မဟုတ်ဘဲ ရှမ်းပြည်က ကွတ်ခိုင်ခရိုင်ထဲမှာ ဖြစ်ပါတယ်။ ၁၉၅၀ ခုလောက်က တရုတ်နိုင်ငံကို ခိုဝင်သွားခဲ့တဲ့ ဗိုလ်နော်ဆိုင်းတပ်က ကျန်ရစ်ခဲ့တဲ့ ဗိုလ်ဇော်ဆိုင်းနဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ၇ ဦး၊ အစိုးရတပ်က ထွက်လာတဲ့ ကချင်တချို့ပေါင်းပြီး ထူထောင်ခဲ့ကြတာ ဖြစ်တယ်။ ကယန်းပြည်သစ်ပါတီကို စတင်တဲ့ထဲမှာပါတဲ့ ဦးရွှေအေးဟာလည်း ၆၂ ခုနှစ် ရန်ကုန် တက္ကသိုလ်ကျောင်းသားအရေးကို မီတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်တယ်။ သူဟာ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှူးတာဝန်ယူခဲ့သူပါပဲ။ အခု SSPP နာယကကြီး ဦးဆေထင်ဟာလည်း တက္ကသိုလ်ကျောင်းသားက တောခိုလာတာဖြစ်ပြီး တောထဲရောက်မှ ‘ဆေ’ ဆိုတဲ့ ကျားဘွဲ့ခံယူပြီး နောက်ပိုင်းမှာ ‘စဝ်’ ဆိုတဲ့ စော်ဘွားတွေ ခံယူတဲ့ နာမည်မျိုး ယူကာ ’ စဝ်ဆေထင်’ ဆိုပြီး ဖြစ်လာပါတယ်။

အစောပိုင်း ရှမ်းခေါင်းဆောင် အတော်များများဟာ ရှမ်းစော်ဘွားများကဲ့သို့ ‘စဝ်’ ဆိုတဲ့ နာမည်ခံယူကြတာ ဖြစ်တယ်။ အဲဒီအချိန်က စတင်ကြတဲ့ လက်နက်ကိုင်တွေ အများစုရဲ့ ရည်မှန်းချက်က သီးခြားနိုင်ငံထူထောင်ရေးပဲ ဖြစ်တယ်။ ကရင်နီခေါင်းဆောင်ပိုင်းက လက်ဝဲယိမ်းသလိုဖြစ်တဲ့ လူငယ်ခေါင်းဆာင် ကိုသန်းညွန့်ကို ဖမ်းပြီး သတ်ပစ်လိုက်ချိန်မှာ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ဆိုတဲ့ ‘ကလလတ’ အဖွဲ့နဲ့ KNPP ကြား ကမ္ဘာရန်ဖြစ်သွားပါတယ်။ 

အခု ဦးထွန်းကျော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားရာက နွေဦးတော်လှန်ရေးမှာ ပါဝင်သလို ဖြစ်လာတယ်။ KNPP ကလည်း PDF တွေကို သင်တန်းတွေ ပေးနေတယ်လို့ သတင်းများအရ သိကြရတာဖြစ်တယ်။ ကယန်းပြည်သစ်ပါတီ ခေါင်းဆောင်ကတော့ လက်ရှိအချိန်မှာ ကြားနေသလို လုပ်နေတာ ဖြစ်တယ်။

၁၉၉၀ မှာ ဗကပ ပြိုကွဲသွားတဲ့အတွက် ရှမ်းပြည်နယ်မှာ မူလလက်နက်ကိုင်များအပြင် ‘ဝ’ ကိုးကန့်နဲ့ မိုင်းလားအဖွဲ့တွေပါ တိုးလာပါတယ်။ လက်ရှိ ဗကပ ခေါင်းဆောင် ပေါက်ယိုချမ်းဟာ တပ်မဟာ ၆၈၃ ဆိုတာနဲ့ အတူ ရှမ်းလက်နက်ကိုင်တွေနဲ့တွဲပြီး ရှမ်းပြည်အလယ်ပိုင်းမှာ ၇၆ ခုနှစ်လောက်ကနေ ‘ဝ’ အာဏာသိမ်းချိန်လောက်အထိ လှုပ်ရှားခဲ့တာဖြစ်တယ်။ SSPP ဟာ ‘ဝ’ တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုရှိခဲ့တာပါ။ အဲဒီအချိန်မှာ ခွန်ဆာရဲ့တပ်က ဘိန်းတန်းတွေဟာ ရှမ်းပြည်အလယ်ပိုင်းကနေ နယ်စပ်ကို ကူးသန်းနေတာ ဖြစ်ပါတယ်။ ဗမာစစ်တပ်က ခွန်ဆာကို မတိုက်ဘဲ ဗကပနဲ့ SSPP ကိုပဲ တိုက်ပါတယ်။ ခွန်ဆာဘိန်းတန်းဟာ တပ်စုတစုကို စကားပြောစက်တလုံးစီ ထားနိုင်တဲ့ အဆင့်မြင့်တပ် ဖြစ်နေပါတယ်။ ‘ဝ’တပ်က ခွန်ဆာကို တိုက်နိုင်ပြီဆိုရင် ဘိန်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ရပါတယ်။ ဗကပတပ်က ခွန်ဆာကို မတိုက်ရတဲ့အကြောင်းက CIA က ဖိအားပေးထားလို့ ဖြစ်တယ်လို့လည်း ဆိုကြတာ ဖြစ်တယ်။ ခွန်ဆာဟာ တပ်အင်အားတွေ တိုးပွားလာပြီး နယ်စပ်ဌာနချုပ်မှာ ရှမ်းနိုင်ငံရဲ့ သမ္မတကြီးအဖြစ်တောင် ခံယူခဲ့ပါသေးတယ်။

၁၉၈၅ ခုမှာ ဗကပကို တရုတ်ပြည်က အကူအညီအားလုံး ဖြတ်တောက်လိုက်ချိန်မှာ ဗကပဟာ ဘိန်းစီးပွားရေးထဲ ပါဝင်လာပါတယ်။ ဗကပဘိန်းတန်းတွေက ထိုင်းနယ်စပ်မှာ နယ်မြေအပိုင်တစ်ခု လိုအပ်လာတဲ့အတွက် ခွန်ဆာရဲ့လွယ်လန်းစခန်းတွေကို အင်အားအလုံးအရင်း သုံးပြီး တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဗကပ ‘ဝ’တပ်နဲ့ ခွန်ဆာက ကမ္ဘာ့ရန်ဖြစ်လာတာပါပဲ။ ကိုးကန့်ခေါင်းဆောင် ဖုန်ကျားစင်းက ဘိန်းလမ်းကြောင်းအတွက် ခွန်ဆာနဲ့ နီးကပ်တဲ့ ဆက်ဆံမှုတွေ လုပ်လာတယ်။ ခွန်ဆာရဲ့နာမည်ကြီးတပ်မှူးတချို့ ကိုးကန့်ထဲကို ရောက်လာတာတွေ ရှိလာပါတယ်။ 

ဒါကြောင့် ၁၉၉၂ လောက်မှာ ‘ဝ’ က တပ်ရင်း ၄ ရင်း လွှတ်ပြီး ကိုးကန့်ကို ခဏထိန်းထားခဲ့ဖူးပါတယ်။ နောက်ပိုင်း ဖုန်ကျားစင်းဟာ ခွန်ဆာနဲ့ အဆက်ဖြတ်ခဲ့ရပါတယ်။ ခွန်ဆာဟာ DEA ရဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် နဝတလက်အောက် ခိုလှုံသွားပါတယ်။ ခွန်ဆာတပ်ကို ဖျက်သိမ်းခဲ့ပေမဲ့ လက်ကျန်အင်အားစုများကို ခေါင်းဆောင်ပြီး ယွက်စစ်က RCSS ဆိုတာကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တခုကို ဖျက်သိမ်းရာမှာ စစ်သားလုပ်တာ တစ်ခုပဲ သိတော့တဲ့ အောက်လက်ငယ်သားတွေအတွက် အစီအစဉ်တခုမှ မပါတဲ့အတွက် လက်ကျန်တပ်တွေက RCSS ထူထောင်ဖို့ လိုလောက်တဲ့ အင်အားဖြစ်လာခဲ့တာပါပဲ။ RCSS ဟာ နှစ်နှစ်ကျော်လောက်အတွင်းမှာ အင်အား ငါးထောင်၊ ခြောက်ထောင်လောက် ကြီးထွားလာတာလို့ ဆိုကြပါတယ်။

ထူးခြားတဲ့ဖြစ်စဉ်တခုဖြစ်ပြီး အခုချိန်ထိ ဆိုးကျိုးတွေ သက်ရောက်လာစေတဲ့ ကိစ္စတခု ပြောပါဦးမယ်။ အဲဒါကတော့ ၂၀၀၀ ပြည့်လောက်မှာ RCSS က ထိုင်းနိုင်ငံဘက်ကနေ ပတ်ပြီး တာချီလိတ်အောက်ဘက် လွယ်လန်းတောင်ကြောက စခန်းကုန်း ၇ ကုန်းကို တပြိုင်နက် ဝင်သိမ်းတာပါ။ အဲဒီမှာ ‘ဝ’တပ်ထိုင်ထားတဲ့ ကုန်းတခုကလွဲလို့ ကျန်ကုန်းတွေ အကုန်ကျသွားပါတယ်။ အဲဒီအချိန်က တိုင်းမှူးဗိုလ်ချုပ်ခင်ဇော်ရဲ့တပ်တွေက ရှမ်းတပ်ကို ပြန်တိုက်မထုတ်နိုင်တဲ့အတွက် ‘ဝ’တပ်ကို အကူအညီတောင်းပါတယ်။ ‘ဝ’တပ်ကို ၁၂၀ မမ မော်တာကြီး ၄ လက်နဲ့ ကျည် ကြိုက်သလောက်သုံးဖို့ ပုံပေးပြီး တိုက်စေတာပါ။ ‘ဝ’တပ်က အကျအဆုံး အများကြီးခံပြီး ကုန်း ၅ ကုန်းကို ရအောင်ပြန်သိမ်းပေးခဲ့တာပါ။ လူမရှိတော့တဲ့ နောက်ဆုံးကုန်းကို ဗမာတပ်က တက်သိမ်းခဲ့တာပါ။ အဲဒီရဲ့အကျိုးဆက်အဖြစ် အဲဒီနယ်မြေကို ‘ဝ’တပ်ကို အပိုင်စားပေးခဲ့တာပါ။ လူဦးရေ သိပ်သည်းလွန်းပြီး ရိက္ခာမလောက်ဖြစ်နေတဲ့ ‘ဝ’နယ်က ရွာသားတွေကို တောင်ပိုင်းကိုရွှေ့ပြောင်းစေပြီး အခု ၁၇၁ လို့ခေါ်တဲ့ စစ်ဒေသကို ထူထောင်ခဲ့တာ ဖြစ်တယ်။ ဒီဒေသဟာ လူမနေတဲ့ လွတ်နေတဲ့ဒေသ မဟုတ်ဘဲ မူလက ရှမ်းနဲ့ လားဟူတွေ နေခဲ့ကြတာ ဖြစ်တယ်။ စစ်ဘေးဒဏ်ကြောင့် ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေရတဲ့ အချိန်မှာ ‘ဝ’ စစ်ဒေသဖြစ်သွားခဲ့ရတာပါပဲ။ အခုတော့ ‘ဝ’က အဆိုပြုထားတဲ့ ‘ဝ’ ပြည်နယ်မှာ ကျိုင်းတုံ၊ တာချီလိတ်နဲ့ လွယ်လန်းကြော ၁၇၁ စစ်ဒေသတွေ အကုန်ပါဝင်နေတာပါ။ နိုင်ငံသုံးနိုင်ငံ (တရုတ်၊ လာအို၊ ထိုင်း) ကို ခွထားလို့ရတဲ့နေရာရဲ့ အကျိုးကျေးဇူးကို ‘ဝ’ တွေ ကောင်းကောင်း သဘောပေါက်လာခဲ့တာပါပဲ။

‘ဝ’ တွေက ၁၇၁ စစ်ဒေသကို ထူထောင်လိုက်တဲ့အတွက် RCSS ရဲ့ မြောက်ဘက် ထွက်ပေါက်တွေကို ပိတ်လိုက်သလို ဖြစ်စေပါတယ်။ ဘေးမှာလည်း ဗမာတပ်ရှိတဲ့အတွက် RCSS ဟာ ပတ်လည်ဝိုင်းခံထားရတာပါ။ ဒီအခြေအနေကို ပြောင်းလဲဖို့အတွက် အခွင့်အလမ်းတစ်ခု ရခဲ့တယ်။ အဲဒါကတော့ ‘ဝ’ နဲ့ SSPP က NCA မထိုးဘဲ တင်းခံနေကြချိန် တောင်ကုန်းတနေရာနဲ့ ပတ်သက်ပြီး SSPP နဲ့  ဗမာတပ်နဲ့ စစ်ရေးတင်းမာမှု ဖြစ်ပါတယ်။ တပ်က SSPP ဌာနချုပ် ဝမ်ဟိုင်းနဲ့ အမြောက်တကမ်းမီတဲ့နေရာအထိ တက်သိမ်းလိုက်တယ်။ မြောက်ပိုင်းမှာ စခန်းသစ်ဖွင့်လိုတဲ့ RCSS အင်အားများစွာကိုလည်း စစ်ကားတွေနဲ့ ရွှေ့ပြောင်းပေးခဲ့တာပါ။ ဒီကိစ္စကို ‘ဝ’ ရော အခြားလက်နက်ကိုင်တွေကပါ ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်။ အဲဒီအချိန်ကစပြီး SSPP + TNL နဲ့ RCSS ကြား နယ်မြေလုတိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ ဒါတွေက ဗမာစစ်တပ်ရဲ့ ရေတိုအကျိုးစီးပွား၊ တနပ်စားဉာဏ်တွေနဲ့ လုပ်လေ့ရှိတာတွေရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

အခုတော့ ပြဿနာက တမျိုး ဖြစ်လာပြန်ပါပြီ။ နမ့်ခမ်းကနေ ကျောက်မဲ၊ သီပေါ ခွင်တွေအထိ RCSS အင်နဲ့အားနဲ့ ရှိလာတာကို တရုတ်ကြီးက မလိုလားဘဲဖြစ်လာတာပါ။ SSPP ဆိုတာက တရုတ်ရဲ့လူရင်း ‘ဝ’ နဲ့ မဟာမိတ်ပါ။ SSPP နဲ့ ဗမာတပ် တင်းမာနေတုန်း (NLD) အစိုးရသက်တမ်း စခါစအချိန်လောက်) က ‘ဝ’ တပ်ရင်း ၂ ရင်း SSPP ကို ကူညီဖို့ သံလွင်ကို ဖြတ်ပြီး ပို့ပေးခဲ့သေးတာပါ။ ဒါကြောင့် တရုတ်အဖို့ ‘ဝ’ ကတဆင့် SSPP + TNLA ကိုပါ လွှမ်းမိုးထားနိုင်ရင် ရှမ်းပြည်နယ်ဟာ သူ့ရဲ့ မြန်မာဆိုင်ရာ ပေါ်လစီပုံသွင်းရေးမှာ အရေးပါတဲ့ နေရာ ဖြစ်လာမှာပါ။

RCSS ကတော့ တရုတ်အဖို့ ပြောရင် ထိုင်းနယ်စပ်မှာရှိတဲ့ နောက်ကြောင်းမရှင်းတဲ့အဖွဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် အခုရှမ်းပြည်နယ်စစ်ပွဲဟာ SSPP + ဝတပ် + TNLA နဲ့ RCSS ကြားက နယ်မြေလုစစ်ပွဲကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ သူတို့သုံးဖွဲ့ရဲ့ နောက်ကွယ်မှာ တရုတ်နဲ့ ဗမာစစ်တပ် ရှိနေပါတယ်။ RCSS က ပရိုနွေဦးတော်လှန်ရေး ဖြစ်ချင်သယောင် ရှိပေမဲ့ သူဟာ မလှုပ်သာ မလှည့်သာအခြေအနေမှာ ရှိပါတယ်။ ရှမ်းပြည်နယ်ဟာ အသစ်ပေါ်လာမဲ့ PDF တွေကိုပဲ အားကိုးရစရာရှိပါတယ်။ ရှမ်းမြောက်မှာ ပရိုချိုင်းနားအဖွဲ့တွေ များနေလို့ PDF ပေါ်ဖို့ ခက်ပေမဲ့ ရှမ်းတောင်မှာတော့ PDF ၅ ဖွဲ့လောက် ပေါ်လာတာ တွေ့ရပါတယ်။

ရှမ်းပြည်နယ်မှာ ရှမ်း ၃၆ ရာခိုင်နှုန်း၊ ဗမာ ၁၁ ရာခိုင်နှုန်းနဲ့ ကျန်လူမျိုး ၅၃ ရာခိုင်နှုန်း ရှိပါတယ်။ လူမျိုးကိုယ်စားပြု လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော်ရှိတဲ့အတွက် ပင်ကိုကတည်းက ရှုပ်ထွေးမှုရှိနေခဲ့ပါတယ်။ ဒီကြားထဲမှာ ဗကပ ပြိုကွဲမှု၊ တရုတ်ရဲ့ စွက်ဖက်မှုနဲ့ ဗမာစစ်တပ်ရဲ့ တနပ်စားဉာဏ်၊ ရေတိုအမြင်နဲ့ လုပ်ဆောင်မှုတွေကြောင့် ရှမ်းပြည်နယ်အရေးဟာ သမိုင်းမှာ မကြုံဖူးလောက်အောင် ပြဿနာကြီးမားလာပါပြီ။

ဒီအရှုပ်အထွေးတွေဟာ NLD သက်တမ်း ၄ ၊ ၅ နှစ်လောက်နဲ့ ဖြေရှင်းနိုင်မှာမဟုတ်တာ သေချာပါတယ်။ ဒီရက်ပိုင်းမှာ Foreign Policy မှာပါတဲ့ ဆောင်းပါးတစောင်မှာ အခု နွေဦးတော်လှန်ရေးမှာ EAO တချို့ ပါဝင်ဖို့ လက်တွန့်နေတာဟာ NLD အစိုးရလက်ထက်က ပေါ်လစီအမှားတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားတာတွေ့ရလို့ အလွန်စိတ်ပျက်ရပါတယ်။ နိုင်ငံခြား ဝေဖန်သုံးသပ်သူ အများစုဟာ မြန်မာ့နိုင်ငံရေးကို တစ်စွန်းတစ်စ အသိအမြင်တွေနဲ့ အဆုံးအထိ ကောက်ချက်ဆွဲရေးသားနေကြတာ များနေပါပြီ။ မြန်မာ့အရေးကို ပိုပြိးသိမယ်လို့ ယူဆရတဲ့ ပြည်တွင်းဝေဖန်ရေးသမားများတောင် အလွဲလွဲအမှားမှား သုံးသပ်တာတွေရှိခဲ့ကြတော့ နိုင်ငံခြားသားများ မှားတာ ဘာဟုတ်သေးလို့လဲလို့ပဲ ထင်စရာဖြစ်လာပါတယ်။

ဒီဆောင်းပါးကို ရေးဖြစ်တဲ့အကြောင်းကတော့ လူမှုကွန်ရက်မှာ ရခိုင်အရေး စဖြစ်ချိန်တုန်းကလို အစွန်းနှစ်ဖက်ကွဲပြားလာတဲ့ ဝေဖန်ဆဲဆိုမှုတွေ စိတ်မကောင်းစွာ တွေ့မြင်လာရလို့ ဖြစ်ပါတယ်။ တဘက်ကလည်း နိုင်ငံတကာ ဆောင်းပါးရှင်များရဲ့ နွေဦးတော်လှန်ရေးအတွက် အကျိုးမပြုတဲ့၊ အပျက်သဘော ရှုမြင်ချက်တွေနဲ့ ရေးသားတာတွေ တွေ့ရတာကြောင့်လည်း ပါပါတယ်။ တပြိုင်နက်မှာပဲ ဒီအခြေအနေကို ပြောင်းလဲပစ်လိုတဲ့ ရှမ်းလူငယ်တွေကို ပြည်ပမှာရော ပြည်တွင်းမှာပါ တွေ့မြင်နေကြရပါတယ်။ EAO မဟုတ်တဲ့ ရှမ်း နိုင်ငံရေးပါတီတွေကလည်း အခြေအနေအရ နှုတ်ဆိတ်နေကြတာ တွေ့ရတယ်။ လက်နက်ကိုင်အချင်းချင်း ညှိနှိုင်းဖြေရှင်းသွားကြတဲ့ နိုင်ငံရေးဟာ ဘယ်တော့မှ အမှန်ကို မရနိုင်ဘူးဆိုတာ သမိုင်းအတွေ့အကြုံတွေ များစွာ ရှိထားပြီးဖြစ်တဲ့အတွက် သူတို့ကလည်း ဓမ္မဘက်က ရပ်ပြီး Speak Out လုပ်ကြဖို့ လိုနေပါပြီ။

တရုတ်ဘက်ကလည်း သူ့အလိုကျမဖြစ်ရင် Proxy war အထိဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို အမြည်းအနေနဲ့ ပေးနေတာဖြစ်တယ်။ အာဏာလက်မလွတ်ရေးသာ အဓိက ဦးစားပေးဖြစ်တဲ့ ပြည်တွင်း တနပ်စားအုပ်စုက လေယူရာယိမ်းပြီး မတည့်သူမရှိ ကြုံရာလူနဲ့ပေါင်းဖို့ ဝန်မလေးကြောင်း ဖော်ပြနေမှာပဲ ဖြစ်တယ်။ ဒီအချိန်မှာ ရှမ်းပြည်နယ်မှာ ဓမ္မဘက်ကလိုက်တဲ့ လူငယ်အင်အားစုတွေ၊ PDF တွေပေါ်ဖို့ အရေးကြီးလာပါတယ်။ ဒီဆောင်းပါးမှာ အဖြစ်အပျက်အကြောင်းအရာတွေရဲ့ အချိန်၊ နေရာ အတိအကျ၊ ပုဂ္ဂိုလ်အမည်၊ အင်အားအချိုးအစားတွေကို အလေးထား ဖော်ပြတာမဟုတ်ဘဲ ဖြစ်စဉ်တွေကိုပဲ ရုပ်လုံးပေါ်အောင် ဦးစားပေး ဖော်ပြတာဖြစ်တယ်။ ဒီဖြစ်စဉ်တွေကမှ လိုအပ်တဲ့နိုင်ငံရေး အကောက်အယူတွေ ကောက်ယူလို့ရနိုင်တာ ဖြစ်ပါတယ်။

ဒီအကောက်အယူတွေကို အားဖြည့်ပေးနိုင်တဲ့ အသေးစိတ်အချက်အလက် အမြောက်အမြားရှိပေမဲ့ ဒီဆောင်းပါးမှာ ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့အရေးဟာ အလုံးစုံပြောင်းလဲရေးကို သွားမလား၊ စစ်ကျွန်ဘဝကိုပဲ ပြန်သွားမလားဆိုတာ ရွေးချယ်စရာ ဖြစ်နေပါတယ်။ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ ပြည်သူအများစုကြီးအဖို့ ဒါက မေးခွန်းမဟုတ်ပေမဲ့ ကိုယ်ကျိုးစီးပွားပဲ ဦးထိပ်ထားနေတဲ့ အဖွဲ့အစည်းတချို့အတွက်တော့ မေးခွန်းအကြီးစား ဖြစ်နေပါတယ်။ တချို့သောအဖွဲ့များဟာ အကျိုးစီးပွားတွေ အရင်ဖြေရှင်းပြီးမှ မေးခွန်းကို ဖြေဆိုနိုင်မယ်လို့ ယူဆကြမှာဖြစ်တဲ့အတွက် နွေဦးမှာ တချို့ကို ချန်ထားခဲ့ရမှာဖြစ်သလို အင်အားသစ်တွေကို မွေးဖွားနိုင်ရမှာပဲ ဖြစ်ပါတယ်။ ခုနစ်ဆွေး ရှစ်ဆွေးကြာလာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီး၊ ပဋိပက္ခကြီးထဲမှာ တချို့ဟာ တချို့တိုးတက်ပြုပြင်လာနိုင်ကြမှာ မဟုတ်တော့ပါဘူး။ ဒီလိုအခြေအနေတွေက ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသလိုဖြစ်တဲ့အတွက် သတိထားကြဖို့ လိုသော်လည်း သတိထားလောက်တဲ့ ဉာဏ်ပညာကို အကျိုးစီးပွားတွေကပဲ ဖုံးအုပ်နေမှာဖြစ်တဲ့အတွက် မြန်မာ့အရေးဟာ Proxy war မဖြစ်ရင် ကံကောင်းလို့ မှတ်ယူရစရာ ရှိပါတယ်။

ဒါပေမဲ့ ပြည်သူတရပ်လုံးရဲ့ ညီညွတ်တဲ့အားနဲ့သာ အရာရာကို ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း ပြသနိုင်ဖို့ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

အရင်ကတော့ ရှမ်းပြည်နယ်တွင်း ပြဿနာတွေ ဖြေရှင်းနိုင်ရင် မြန်မာ့တိုင်းရင်းသားဆိုင်ရာ အရေးများအတွက် စံပြဖြစ်လာနိုင်တယ်ဆိုတဲ့ ယူဆမှုများ ရှိခဲ့ကြပေမဲ့ အခုအခါမှာတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်း၊ မကွေး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းရဲ့ အမာခံအုံကြွမှုများနဲ့အတူ ရှမ်းမပါဘဲ မြန်မာ့အရေး ဖြေရှင်းသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

စစ်သွေးမိုးဦး

(ဤဆောင်းပါးတွင်ဖော်ပြထားသည့် သဘောထားအမြင်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။ ဤဆောင်းပါးကို ရေးသားသူသည် စာရေးဆရာ ညီပုလေးမဟုတ်ပါ။ မူလဖော်ပြထားသည့် ဆောင်းပါးရှင်အမည် ငြိမ်းချမ်းစိမ်းလန်းသည် ဆရာညီပုလေး၏ ကလောင်ခွဲတစ်ခုနှင့် ဆင်တူနေပါသဖြင့် ကလောင်နာမည်ကို ပြန်ပြောင်းလဲထားပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024