ကိုဗစ်ကူးစက်မှုဆိုးလာသည့်အပေါ် ပြည်သူများအတွက် သမ္မတနှင့်အတိုင်ပင်ခံ စိတ်ပူနေဟု ရှေ့နေပြော

ကိုဗစ်ပိုးကူးစက်မှု ဆိုးရွားတဲ့သတင်းကြောင့် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ စိတ်ပူနေတယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပိုးကူးစက်မှုနဲ့ သေဆုံးနှုန်းမြင့်တက်နေတဲ့သတင်းကြောင့် ပြည်သူတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူနေတယ်လို့ ဒေါ်မင်းမင်းစိုး (နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ) က ဇူလိုင် ၁၂ရက် ရုံးချိန်းအပြီးမှာ ပြောပါတယ်။ 

ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရင်ဆိုင်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး ပြည်သူတွေညီညွတ်ကြဖို့နဲ့ ပြည်သူအချင်းချင်း ကူညီ စောင့်ရှောက်ကြဖို့ ရှေ့နေကနေတဆင့်ပြောဆိုခဲ့ပါတယ်။

“သူက ကိုဗစ်ကိစ္စကို စိတ်ပူနေတယ်။ ပြီးတော့ ပြည်သူတွေအကုန်လုံးကို  မေတ္တာပို့ပေး နေတယ်ပြောတယ်။ ပြည်သူအချင်းချင်း   ကူညီစောင့်ရှောက်ကြပါ။ အချင်းချင်း အတတ်နိုင်ဆုံး သည်းခံကြပါ။ ညီညွတ်ကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း  ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြန်လည်ပြောဆိုပါတယ်။

သမ္မတဦးဝင်းမြင့်ကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် စိုးရိမ်နေပြီး လက်ရှိ အထိန်းသိမ်းခံထားရတဲ့အတွက် အကူအညီမပေးနိုင်သေးတာကြောင့် ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပဲ ပေးပို့နိုင်တယ်လို့  ရှေ့နေကနေတဆင့် ပြောဆိုခဲ့ပါတယ်။

“သမ္မတကလည်း ဒီနေ့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြောပါတယ်။ စိတ်ပူတယ်ဆိုတဲ့အကြောင်း ပြောတယ်။ တနေ့ ၃ ခေါက်တော့ မေတ္တာပို့ပေးနေတယ်ဆိုတဲ့ အကြောင်းလည်း သမ္မတက ပြောပါတယ်” လို့ ဒေါ်မင်းမင်းဆိုက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပြန်ဖြစ်နေတာနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်နေပြီး ပြည်သူတွေ ဂရုတစိုက်နေကြဖို့ ဇွန်  ၂၈ ရက် ရုံးချိန်းကလည်း သူ့ရဲ့ ရှေ့နေကတဆင့် မှာကြားခဲ့ပါသေးတယ်။ 

အဲဒီတုန်းက မြန်မာနိုင်ငံမှာ ကူးစက်မှုအခြေအနေ၊ နေပြည်တော်မှာ ကူးစက်မှုအခြေအနေတွေကိုလည်း အတိုင်ပင်ခံက မေးမြန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up