
ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဗိုလ်ချုပ်မှတ်တိုင်အနီး ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်မှာ ဇူလိုင် ၁၁ ရက်၊ မနက်စောပိုင်းက အဝတ်အစားမပါ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး မှောက်ရက်သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၆ နာရီခွဲက လှိုင်သာယာ ဗိုလ်ချုပ်မှတ်တိုင်ကားလမ်းမပေါ်မှာ လူတစ်ယောက် သေနေတာ တွေ့ခဲ့တယ်။ အဝတ်စားတွေလည်း မပါဘူး။ မှောက်ခုံကြီး။ နောက်ကျောမှာ ဒဏ်ရာတွေတော့ တွေ့တယ်။ စစ်သားတွေနဲ့ ယာဉ်ထိန်းတွေ ရောက်နေတယ်” လို့ မျက်မြင်တစ်ဦးက ပြောတာပါ။
သေနေသူက လူလတ်ပိုင်းအရွယ်လောက်သာ ရှိသေးပြီး သေဆုံးချိန် ကြာမြင့်လို့လား၊ ရာသီဥတုကြောင့်လား မသိ။ အလောင်းမှာ သွေးမရှိဘဲ ဖြူဆုတ်နေပြီလို့ တွေ့မြင်ခဲ့သူ တစ်ယောက်က ဆိုပါတယ်။
လူသေ တွေ့ရှိရာနေရာကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့်သေဆုံးသွားတယ်ဆိုတာ မသိရသေးပါဘူး။