
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဇူလိုင် ၇ ရက် မနေ့ညပိုင်းက စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ရောင်းမော်ရွာက စာသင်ကျောင်းမှာ နေရာယူထားတဲ့ ပျူစောထီးအဖွဲ့ကို ဒေသခံ PDF က သွားရောက်တိုက်ခိုက်ရာမှာ စစ်တပ်က စစ်ကူရောက်လာခဲ့တယ်လို့ ဒေသခံ PDF တယောက်က ပြောပါတယ်။
“ည ၁၁ နာရီလောက်မှာ စ ဖြစ်တာ။ ပျူစောထီးတွေက စစ်တပ်ကို အကြောင်းကြားတော့ ထားဝယ်တပ်က ကား ၅ စီးနဲ့ လာတယ်။ ၂ စီးကိုတော့ မိုင်းခွဲလိုက်တယ်။ ၃ စီးကတော့ ဖြစ်စဉ်နေရာကို ရောက်လာတယ်။ သူတို့ဘက်က ၅ ယောက်လောက်သေမယ်လို့ ခန့်မှန်းတယ်။ အတိအကျက မသိရသေးပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က စစ်ကူရောက်လာတာကြောင့် PDF ဘက်က ဆုတ်ခွာခဲ့ပြီး မနက် ၂ နာရီလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
“စစ်တပ်က ဒီမနက်မှာ တောနင်းလိုက်ရှာရင်း ခြံလုပ်နေတဲ့ ဒေသခံတွေကို ဖမ်းသွားတယ်လို့တော့ သိရတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိရသေးဘူး။ PDF တွေအားလုံးကတော့ လုံခြုံတဲ့ နေရာရောက်နေပြီ” လို့ PDF အဖွဲ့ဝင်တယောက်က ပြောပါတယ်။
တိုက်ပွဲမှာ PDF ဘက်က ၂ ယောက် ကျဆုံးတယ်လို့ သတင်းထွက်နေပေမဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်လို့ အတည်မပြုနိုင်သေးပါဘူး။