Home
မေးမြန်းခန်း
ကိုဗစ်ကပ်ဘေးက ပုဂံဒေသကို အထိနာစေတယ်- ဆက်သွယ်မေးမြန်းချက်
DVB
·
July 8, 2021

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသမှာ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းတွေလုံးဝနီးပါး ရပ်ဆိုင်းနေရပြီး ဒီလုပ်ငန်းပေါ်မီခိုပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ ဒေသခံပြည်သူတွေရော လုပ်ငန်းရှင်တွေပါ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ 

လက်ရှိ စစ်အာဏာရှင်လက်အောက် ကိုဗစ် တတိယလှိုင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပုဂံဒေသက ပြည်သူတွေရဲ့ အခြေအနေကိုသိရဖို့  ဒီဒေသမှာ ဆယ်စုနှစ်ချီပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ကားမောင်းပေးခဲ့သူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ ။ ကိုဗစ် တတိယလှိုင်းက စတင်ရိုက်ခတ်နေချိန် ပုဂံရဲ့ လက်ရှိ ခရီးသွားလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ။ 

ဖြေ။ ။ “ကျနော်တို့ဒေသက ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေ၊ မြန်မာဘုရားဖူးတွေနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့ ဒေသဖြစ်တာကိုး။  အဲဒီတော့ အခုဟာက ခရီးသွားလုပ်ငန်းလုံးဝ ရပ်ဆိုင်းသွားတဲ့အခါမှာ ဒေသခံတွေ တော်တော်များများ ကတော့ မြင်းလှည်းသမားက မြင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေတာပေါ့၊ အဲဒီတော့ ဈေးသည်လေးတွေ တက္ကစီမောင်းတဲ့လူတွေ အကုန်လုံးက (ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားခြင်း) တစ်နှစ်ခွဲထဲ ရောက်လာပြီဖြစ်တဲ့အတွက် ကျနော်တို့ တော်တော်လေး  (စားဝတ်နေရေး) စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရာတာပေါ့လေ။”

မေး။ ။ ခရီးသည်တွေ မလာကြဘူးဆိုတော့ စီးပွားရေးလုပ်ငန်းတွေအခြေအနေ၊ ဘာတွေ လုပ်ကိုင်စားသောက်နေကြလဲ။

ဖြေ။   ။ “ခရီးသည်မလာဘူးဆိုတော့ ဒီလိုပဲ ရောင်းစရာ၊ ချစရာရှိတာ ထုခွဲရောင်းချစားကြ။ မရှိတဲ့လူကလည်း ကိုယ်မလုပ်ဖူးတဲ့အလုပ်ကလေးတွေ အလုပ်မရွေးတော့ဘဲနဲ့ အဲဒီလိုမျိုးလေးတွေ သုံးထောင်ရ၊ လေးထောင်ရ၊ ငါးထောင်ရ အဲဒီလိုမျိုးလေးတွေ လိုက်လုပ်နေကြရတာပေါ့။ ထုခွဲရောင်းချစရာရှိတဲ့လူကလည်း တခုပြီးတခု၊ တခုပြီးတခု ထုခွဲလာခဲ့ကြတာ၊ တချို့ဆိုလည်း ကုန်သလောက် ဖြစ်နေပြီပေါ့လေ။ ဆက်ပြီးတော့ ထုခွဲစရာ မရှိတော့တဲ့အနေအထားမျိုးပေါ့။ ဒီလောက်ထိအောင်တော့ တောင့်ခံလာခဲ့ကြတယ်၊ နောက်ထပ် တောင့်ခံဖို့အတွက်ကျတော့ တော်တော်လေး မလွယ်တော့ဘူးလို့ ကျနော်သုံးသပ်တယ်ပေါ့။ ဒါက ကိုယ်တွေကအစပေါ့နော်။ ဘာဖြစ်လို့လည်းဆို ကျနော်တို့ ဒီနားပတ်ဝန်းကျင်က ပခုက္ကူဆိုရင် တက္ကသိုလ်၊ ကောလိပ်တွေ၊ စက်မှုအလုပ်ရုံတွေ၊ မြင်းခြံသံမဏိစက်ရုံတွေ၊ ရေနံစက်ရုံတွေ၊ သူ့မြို့နဲသူမှာ ဒီ လုပ်ငန်းတွေရှိကြတယ်။ ကျနော်တို့ (ပုဂံ) ဆီကျတော့ အဲဒီလိုမျိုးတွေလည်း မရှိဘူး။ အမွေအနှစ်တွေကလွဲပြီး ကျန်တဲ့ဟာ လုပ်ဖို့ဟာကလည်းမရှိဘူး၊ ကောက်ပဲသီးနှံစိုက်တဲ့ တောင်သူတွေကျပြန်တော့လည်း မိုးလေဝသက၊ အညာဒေသက မိုးမမှန်တဲ့အခါမှာ ကောက်ပဲသီးနှံတွေက သိပ်ပြီး အလုပ်မဖြစ်ကြဘူးပေ့ါနော်။ အဲဒါမျိုးတော့ ရှိတာပေါ့ခင်ဗျာ။”

မေး။   ။ လက်ရှိကိုဗစ်ကြောင့်က တခု၊ အာဏာသိမ်းတာကြောင့် နိုင်ငံရေးအကျပ်အတည်းက တခု နှစ်ခုဖြစ်နေတာပေါ့။ ပုဂံဒေသခံတွေက ဒီအခက်အခဲ နှစ်ခုကို တခြားနေရာဒေသကလူတွေနဲ့ ဘယ်လိုကွာခြားပြီး ဖြတ်သန်းနေလဲ။ 

ဖြေ။   ။ “ပိုထူးတာပေါ့။ ကျနော် ပခုက္ကူကိုသွားကြည့်တယ်။ သွားလေ့လာတယ်။ ကျောက်ပန်းတောင်းကို သွားလေ့လာတယ်။ သူတို့တွေက ပုံမှန်ရောင်းဝယ်ဖောက်ကားနေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ကျောက်ပန်းတောင်းဆိုရင် ထန်းလျက်တို့၊ မန်ကျည်းတို့စတဲ့ သူတို့ထွက်ကုန်ပစ္စည်းတွေနဲ့ လည်ပတ်နေတဲ့။ ကျောက်ပန်းတောင်းက တောင်သူတွေ စုဝေးတဲ့နေရာလေးလည်းဖြစ်တယ်ပေါ့။ အဆင်ပြေတယ်။ ပခုက္ကူဆိုရင်လည်း သူတို့မှာ စက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်းမှုလုပ်ငန်းလေးတွေ ရှိနေတယ်ဆိုတော့ နည်းနည်း တော်သေးတယ်။ ဖိနပ်လုပ်ငန်းလို့ဟာမျိုးတွေပေါ့။ ပခုက္ကူမှာရှိတယ်ဗျ။ အဲဒီတော့ ဖိနပ်လုပ်ငန်းစက်ရုံကြီးက စက်ရုံအလုပ်သမားလေးတွေက ဖိနပ်စက်ရုံမပိတ်တဲ့အခါမှာ နည်းနည်း ရှူသာရှိုက်သာရှိတယ်။

အဲဒီတော့ ဒီပုဂံကကျတော့ ဥပမာ ယွန်းထည်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်းပိုင်ရှင်ကလည်း ဧည့်သည်မကျတဲ့အခါမှာ ယွန်းထည်လုပ်ငန်းကြီးက ပိတ်ထားရတယ်။ သူ့အနေနဲ့ကလည်း နေ့စားခတွေ ရေရှည်ပေးရမှာဖြစ်တဲ့အတွက်၊ ယွန်းထည်ကလည်း အရောင်းမဝယ်မရှိတဲ့အတွက် သူကပိတ်ထားတော့၊ ယွန်းထည်လုပ်တဲ့လူတွေလည်း ငုတ်တုတ်မေ့နေတယ်။ ပန်းချီဆွဲတတ်တဲ့ ပန်းချီသမားလေးတွေလည်း ငုတ်တုတ်မေ့နေတယ်၊ ဘာမှ အလုပ်မဖြစ်ဘူး၊ တခါ ဟော်တယ်ဝန်ထမ်း၊ စားသောက်ဆိုင်၊ မြင်းလှည်း၊ ကား အစရှိသဖြင့် အမှတ်တရပစ္စည်း  ရောင်းတဲ့ဆိုင်လေးတွေလည်း အားလုံးက ဘယ်လိုမှကို ဘယ်လိုပြောရမလဲဆိုရင် စီးပွားရှာလို့ မရဘူး။ အဲဒီတော့ ဟို မြန်မာ(ခရီးသည်) လောက်ကျရင်တော့ မဆိုးဘူးလို့ ပြောချင်တာ့ပေါ့။ ထမင်းစားဖို့တော့ သူတို့ ဝင်ငွေရလောက်တယ်။ ခုတော့ မြန်မာဧည့်သည်ကိုပဲ ဒီလောက် မလာနိုင်ကြဘူး။”

မေး။ ။ အခု ကိုဗစ် တတိယလှိုင်းဖြစ်တယ်ဆိုတော့ မြန်မာခရီးသည်တွေလည်း ခရီးအသွားအလာအကန့်အသတ်ဆိုတော့ အလည်အပတ်သွားရေးလာရေး အဆင်ပြေကြပါ့မလား။ 

ဖြေ။   ။ “သူတို့ကတော့ ကျနော်တို့ တတိယလှိုင်း မပေါ်ခင်က ကိုယ်ပိုင်ကားလေးတွေနဲ့ ကြိုကြားကြိုကြား လာတာ တွေ့ရတယ်။ အခု တတိယလှိုင်း နည်းနည်း ပြင်းထန်လာတဲ့အခါမှာတော့ မလာကြတော့ဘဲ ဧည့်သည် ရပ်တန့်သွားတယ်။”

မေး။   ။ ဒီအကျပ်အတည်း အခက်အခဲက ပုဂံက အဓိကလား တခြားဒေသတွေရော ဘယ်လောက်ရိုက်ခတ်လဲ။

ဖြေ။   ။ “အကုန်လုံးဆက်စပ်တာပေါ့။ ပုဂံဒေသတဝိုက်က ရွာတွေ၊ ကျေးရွာတွေထိအောင် ဒီ Tourism (ခရီးသွားလုပ်ငန်း) ကြီးက ဆက်စပ်နေတယ်။ ဥပမာ ကျနော်တို့ ပျံကျဈေးမှာ အသီးအရွက်တွေရောင်းတဲ့သူက စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေက ဧည့်သည်ကျတဲ့အခါမှာ ၁၂ နာရီလောက်မှာပဲ သူ့ရဲ့ပစ္စည်းတွေ၊ ရောင်းကုန်တွေက ရောင်းကုန်သွားတယ်။ သံပုရာသီးကအစပေါ့။ အခုကျတော့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကလည်း ဧည့်သည်မလာတော့ သူတို့ဆိုင်လေးတွေကို သွားမဝယ်နိုင်တဲ့အခါမှာ နေ့ခင်း ၃ နာရီထိအောင်လည်း သူတို့ ပြန်မရသေးဘူး၊ လေးနာရီထိအောင်လည်း ပြန်လို့မရသေးဘူး၊ ကျွန်းချောင်းဘက်တွေကလာတယ်။ တန့်ကြည့်တောင်ဘက်  ရွာတွေဆီကလာတယ်။ ကျနော်တို့ မြောက်ဘက် ကျွန်းတွေဆီကနေ အသီးအနှံတွေလာရောင်းကြတယ်။ ညောင်ဦးဈေးထဲမှာ ရှိနေတာပေါ့။”

မေး။   ။ အစ်ကို့အနေနဲ့လည်း အရင်တုန်းက ခရီးသွားလုပ်ငန်းမှာ လုပ်နေရာကနေ အခုအခြေအနေကျတော့ ဘယ်လိုဖြတ်သန်းနေလဲ။

ဖြေ။   ။ “ဟုတ်တယ်ဗျ။ ကျနော်က အရင်တုန်းကတည်းက နယ်ထွက်ဖို့ ကျနော့်ကို ခေါ်ကြတယ် အများကြီးပဲ။ အဲဒီတုန်းကတောင်မှ ကျနော်က ဒီ ပုဂံအမွေအနှစ်တွေကို တဖက်တလမ်းက အုတ်တချပ်၊ သဲတပွင့် ကျနော်နိုင်သလောက်  ထိန်းသိမ်းစောင့်ရှောက်စေချင်တဲ့စိတ်နဲ့  ကျနော်က နယ်ကို မထွက်ခဲ့ဘူး။ ကျနော် မကြီးပွားရင်လည်းနေ၊ ဒီမှာ ကားလေး၊ ကားမောင်းတယ်ဆိုတာလည်း ကျနော် ကိုယ်ပိုင်မရှိပါဘူး။ Owner (ပိုင်ရှင်) ရဲ့ကားပေါ့၊ အဲဒီကားလေးနဲ့ နိုင်ငံခြားခရီးသွားတွေကို Sightseeing (ရှုခင်းနေရာ) လိုက်ပို့တယ်။ လိုက်ပို့ရင်းနဲ့အမွေအနှစ်တွေ ဘာဖြစ်နေသလဲ၊ ဘယ်လိုတွေ ပျက်စီးနေသလဲ၊ ကျနော်အားတဲ့အချိန်လေးတွေမှာ မှတ်တမ်းယူတယ်။ ဒီဗွီဘီကို ပေးပို့တယ်ပေါ့။ ကျနော်လုပ်လာခဲ့တာ ဆယ်စုနှစ်ကျော်ပါပြီ၊ အခုကျတော့ ကျနော့်မှာ မိသားစုကလည်း ရှိတဲ့အခါကျတော့ ခုနပြောသလို ကားမောင်းတဲ့ဝင်ငွေကလည်း ကျနော်မျှော်လင့်သလို မရတော့တဲ့အခါမှာ ကျနော် တခြားဒေသမှာ Tour ကားမဟုတ်ဘဲနဲ့ တခြား အချိုရည်ကားတို့၊ ရေသန့်ကားတို့ အဲဒီကားတွေ လိုက်စပ်ပြီးမောင်းနေရတာပေါ့။” 

မေး။   ။ ပုဂံဒေသခံတွေအနေနဲ့ စားဝတ်နေရေးအတွက် ကိုယ့်နယ်ကိုစွန့်ပြီး ထွက်သွားကြတာတွေရော ရှိကြလား။ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ။   ။ “ရှိတယ်။ ဖားကန့်ဘက်တို့၊ ကျောက်တူးတဲ့ဘက်တို့ အဲဒီလိုမျိုး နယ်စပ်ဘက်တွေမှာ သွားထွက်လုပ်နေကြတာတွေလည်းရှိတယ်။ သူတို့ဆိုရင် လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက သွားလုပ်နေကြတာပေါ့။ တချို့လည်း လက်သမားတို့၊ ပန်းရန်တို့၊ တခြားအဆောက်အဦ ပရောဂျက်ရှိတဲ့မြို့တွေပေါ့လေ အဲဒီမြို့တွေကို သူတို့အဆက်အသွယ်နဲ့ သူတို့သွားပြီး လုပ်ကြတာပေါ့။ အဲဒီလိုမျိုးတွေလည်း ရှိနေပြီဗျ။”

မေး။   ။ ရှေးဟောင်းအမွေအနှစ်ပုဂံကို ချစ်သူတယောက်အနေနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းကာလဖြတ်ကျော်ရင်း အနာဂတ်မှာ ဘာတွေ မျှော်လင့်သလဲ။

ဖြေ။   ။ “ကျနော်ကတော့ ကျနော်တို့ရဲ့ မြန်မာ့ရဲ့ တကယ့်အသည်းနှလုံးလို့ခေါ်ဆိုတဲ့ တနိုင်ငံသား၊ တမျိုးသားလုံးနဲ့လည်း သက်ဆိုင်တဲ့၊ တကယ့်ကို မင်းကောင်းမင်းမြတ်တွေ၊ မြတ်စွာဘုရားရှင်ကအစ ဗျာဒိတ်ပေးခဲ့တဲ ဘူမိနက်သန်မြေလည်းဖြစ်တယ်ပေါ့။ ဒီမြေကြီးမှာ ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်တုန်းကလို ဖွံ့ဖြိုးတိုးတက်တဲ့ ခရီးသွားဧည့်သည်တွေနဲ့ စည်စည်ကားကားဖြစ်စေချင်တယ်။ ဒါသည်ကျနော်တို့မြို့တခုတည်းအတွက်မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ဝင်ငွေ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ မြို့လည်းဖြစ်တယ်။ ကျနော်တို့က နိုင်ငံအတွက်လည်း အထောက်အကူပြုတဲ့၊ နိုင်ငံခြားဝင်ငွေရှာပေးတဲ့ မြို့ဖြစ်တယ်။ ဒီနိုင်ငံသားတွေနဲ့ ခရီးသွားတွေ လာရောက်နေတဲ့အရပ် ဖြစ်တယ်။ ဒေသခံတွေကလည်း ခရီးသွားလုပ်ငန်းကို မှီခိုပြီးမှ မိသားစုရဲ့ ဘဝရပ်တည်မှုတွေကို မျှော်လင့်နေရတဲ့ဒေသဖြစ်တယ်။ အဲဒီအတွက် ကျနော်ကတော့ အမွေအနှစ်တွေလည်း နည်းစနစ်မှန်မှန်နဲ့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်စေချင်တယ်။ ဒီခရီးသွားလုပ်ငန်းကြီးလည်း အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ပြီးတော့ အမြန်ဆုံး ယခင်ကလိုပဲ ပြန်လည်ကျရောက်စေချင်တယ်။ အဲဒီအတွက် ကျနော်မျှော်လင့်မိတယ်။ 

ကျေးဇူးတင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024