မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ပြန်လွတ်လာ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့  သတင်းထောက်တချို့အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ဆန္ဒပြသူ ၂,၂၉၆ ဦး ဇွန်လ ၃၀ ရက်က ပြန်လည် လွတ်မြောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ 

အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့ကြပေမယ့် အကြမ်းဖက်မှုမှာ မပါ၀င်သူတွေ၊ ရာဇ၀တ်မှုတွေကို ကျူးလွန်ခြင်းမရှိသူတွေနဲ့ အဓိကရုဏ်းကို ဦးဆောင်သူ မဟုတ်တဲ့သူတွေကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တရုတ်ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။ 

ပြန်လွတ်လာသူတွေထဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုသတင်းတွေကို ပေးပို့ခဲ့ကြလို့ ထောင်ချခံရတဲ့ သတင်းထောက်တွေလည်း ပါဝင်ခဲ့ကြပေမယ့် တချို့တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းစာနယ်ဇင်းသမား အတော်များများကိုတော့ ဆက်လက် ထောင်ချထားဆဲဖြစ်ပါတယ်။ 

ထောင်သွင်းအကျဉ်းချခံထားရသူ အများစုကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ပြစ်မှုပေါ်မူတည်ကာ ထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။ 

မနေ့က အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံခြားသား တယောက်မှ မပါဘူးလို့ အကျဉ်းထောင်အရာရှိတယောက်က AFP သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူလူထုကြားမှာ ချစ်ကြည်ရေးတည်ဆောက်လိုတာကြောင့် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ နာမည်ကြီး အနုပညာရှင် ၂၄ ယောက်ကို ပုဒ်မ ၅၀၅ (က) စွဲချက်ကနေ ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up