
ဂျပန်နိုင်ငံက ထိုင်းနိုင်ငံကို AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၀၅ သန်း လှူဒါန်းလိုက်ပြီး လာမယ့် ဇူလိုင်လဆန်းမှာ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ဇွန် ၂၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက သဘောတူ လက်မှတ် ရေးထိုးထားတဲ့ နှစ်နိုင်ငံသဘောတူညီမှုအရ ဒီကာကွယ်ဆေးတွေကို ကနဦး ခွင့်ပြုချက်မရပဲ စစ်ရေးအတွက် ရည်ရွယ်ချက်နဲ့ အသုံးမပြုဖို့နဲ့ သယ်ယူပို့ဆောင်ခ ဘတ်ငွေ ၂ ဒသမ ၉ သန်းကနေ ၂၈ ဒသမ ၇ သန်းကြား ကုန်ကျငွေကို ထိုင်းနိုင်ငံဘက်က ကျခံစေဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါဟာ ဂျပန်နိုင်ငံက အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းစီ လှူဒါန်းမှုအပြီး ထိုင်းနိုင်ငံကို ထပ်မံလှူဒါန်းမှု ဖြစ်လာခဲ့ပါတယ်။
လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ဖိလစ်ပိုင်နဲ့ ထိုင်း နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင် နှုန်းစီသာ အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ လာမယ့် ဇူလိုင်လလယ်ထဲမှာ ကုလသမဂ္ဂက ဦးစီးတဲ့ ကိုဗက်စ် ကာကွယ်ဆေး မျှဝေသုံးစွဲရေး အစီအစဉ်အရ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ ပစိဖိတ် ကျွန်းနိုင်ငံတွေကို AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၁၁ သန်းလောက် လှူဒါန်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။