Home
ဆောင်းပါး
ပြည်ဖျက်လှမ်းနေသည့် သမ္မတရူးအိပ်မက်
DVB
·
June 28, 2021

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သော မည်သည့်အစိုးရမဆို မရှိမဖြစ်လိုအပ်သောအရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရေး ဖြစ်သည်။ ရွေးကောက်ခံအစိုးရများအတွက်တော့ လူထုထောက်ခံမှုဖြင့် အာဏာရရှိခြင်းဖြစ်၍ ပြဿနာမရှိ။ အာဏာရှင်အစိုးရများအတွက်မူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ရသည်။ သို့သော်၊ သူတို့ကိုယ်သူတို့ ယုံကြည်ချင်စရာ လူထုထောက်ခံမှုကလည်း မယ်မယ်ရရမရှိသဖြင့် သိမ်ငယ်ရပြန်သည်။

အစိုးရတရပ်အနေဖြင့် သိမ်ငယ်စိတ်ဖြင့် ရှေ့ခရီးဆက်ရန် မလွယ်။ ထို့ကြောင့် အခိုင်အမာတည်ရှိနေသော သိမ်ငယ်စိတ်အခံကို ဇွတ်အတင်းပြောင်းပြန်လှန်ခြင်း (သို့မဟုတ်) တင်းခံရတော့သည်။ ကြောက်တတ်သူတစ်ဦးက လုံးဝမကြောက်လေဟန် အတည်ပေါက်ရုပ်ခံ တင်းပစ်လိုက်ခြင်းမျိုး။ ယင်းသို့ တင်းခံခြင်းမှသည် လမ်းနှစ်သွယ် ထွက်ပေါ်လာသည်။

ပထမတစ်လမ်းမှာ ၎င်းတို့ကို ဆန့်ကျင်သူများအား နည်းလမ်းမျိုးစုံဖြင့် ပြင်းထန်စွာ နှိပ်ကွပ်ခြင်း၊ ပြည်သူကို အကြောက်တရားပေးကာ ဒူးထောက်စေခြင်းနှင့် ၎င်းတို့ကို ကျွန်စိတ်ကြီးစွာဖြင့် ကျိုးနွံသူများအား  အခွင့်အလမ်းပေး ချီးမြှင့်မြှောက်စားခြင်း ဖြစ်သည်။

ဒုတိယတစ်လမ်းမှာ ကိုယ့်ကိုယ်ကိုယ်လိမ်လည်လှည့်ဖြားခြင်းဖြစ်သည်။ လမ်းဘေးဝဲယာ လက်အုပ်ချီ ကြိုဆိုနေသော ပြည်သူများသည် ဒေသခံအာဏာရှင်လေးများ၏ အဓမ္မဆွဲခေါ်မှုကြောင့် ရောက်ရှိလာမှန်း သိသော်လည်း လိုအပ်ချက်အရ ကိုယ့်ကိုယ်ကိုယ် ဖြားယောင်းရင်း ကြာလာတော့ အမှားကို အမှန်ထင်လာခြင်း ဖြစ်သည်။ ထိုသို့သော ထင်ယောင်ထင်မှားမှုများသည် အရိုးရင့်လာသည့်အခါ သူတို့ဘက်တွင် သူတို့ကို ထောက်ခံသော ပြည်သူများစွာ ရှိနေသလိုလို ယုံကြည်သည်အထိ ဖြစ်လာသည်။

၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံနှင့် နိုင်ငံတကာ ဖိအားများအရ ရွေးကောက်ပွဲလမ်းကြောင်းဖြင့် နိုင်ငံရေးထွက်ပေါက်ယူခြင်း ဖြစ်နိုင်သော်လည်း ယင်းထက် ပဓာနကျသည့်အချက်မှာ မဆလ( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) မှသည် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ဖြစ်လာသော ၎င်းတို့၏ပါတီ အနိုင်ရရှိလိမ့်မည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်းအရ ရွေးကောက်ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။

အာလုံး သိကြသည့်အတိုင်း တစည ခွက်ခွက်လန် ရှုံးခဲ့သည်။ တစညပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြိုင်ဘက်အဆင့်မဟုတ်မှန်း အာဏာရှင်တို့ သိမ်ငယ်စိတ်ကြီးစွာဖြင့် လက်ခံလိုက်ရသည်။ လမ်းကဆုံးနေပြီမို့ အရှက်တရားကင်းမဲ့စွာဖြင့် ကိုယ့်လမ်း ကိုယ်ပြန်ဖျက်သည်။  ပြတ်ပြတ်သားသား အနိုင်ရခဲ့သော ပါတီကို ထောင်သွင်း အကျဉ်းချကာ ဖိနှိပ်မှုပေါင်းများစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်အောင် ကြံဆောင်ခဲ့သည်။ အခြားတဘက်တွင်လည်း ၎င်းတို့စိတ်ကြိုက် စစ်တစ်ပိုင်း ဒီမိုကရေစီကို ဖော်ဆောင်မည့် အခြေခံဥပဒေရေးဆွဲခြင်း။ ဒုတိယအာဏာရှင်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းနိုင်ခဲ့ခြင်း မရှိသော်လည်း ၂၀၀၈ အခြေခံဥပဒေကို နာဂစ် ပင်လယ်ဝေနေသည့်ကြား အဓမ္မပြဋ္ဌာန်းနိုင်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေမှသည် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာသည်။

ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်းစွပ် အာဏာရယူမှုကို လူထု ရွေးကောက်တင်မြှောက်မှုဖြင့် တက်လာသည့်အစိုးရအဖြစ် ကြွေးကြော်ရန် ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရရှိရန်လိုသည်။ အနှစ် ၂၀ ၀န်းကျင်ကြာ ဗိုလ်ကျခဲ့သော ဒုတိယအာဏာရှင်ကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပြည်သူတို့၏ ထောက်ခံမှုကို အမှန်ကန်ဆုံး တွက်ချက်နိုင်ခဲ့ပုံ ရသည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက် ယှဉ်ပြိုင်လျှင် နိုင်ငံရေးသိက္ခာ ကုန်းကောက်စရာမရှိသည့်ဘဝသို့ ရောက်အောင် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ဒုတိယအာဏာရှင် ဆင်ထားသည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက် ထုတ်ပြန်ကာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ လက်မခံ၊ မီဒီယာများ မဲရုံပရဝဏ်နားပင် ကပ်ခွင့်မရဘဲ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲသည် ကြိုတင်မဲပြဿနာဖြင့် ကမ္ဘာကျော်ခဲ့သလို ဒုတိယအာဏာရှင် တည်ထောင်ထားသည့် ပြည်ခိုင်ဖြိုးပါတီသည်လည်း မူလရည်မှန်းချက်အတိုင်း အစိုးရ ဖွဲ့နိုင်ခဲ့သည်။

ဒုတိယအာဏာရှင် စိတ်ကြိုက်ဖွဲ့စည်းပေးခဲ့သော ပြည်ခိုင်ဖြိုးအစိုးရတွင် ဦးသိန်းစိန်သည် သမ္မတ။ စိတ်ချလက်ချ အစိုးရဖြစ်ပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ခ်။ ဦးသိန်းစိန်က  လွှတ်တော်လမ်းကြောင်းပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်လာအောင် လမ်းဖွင့်ပေးခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်လည်း လွှတ်တော်လမ်းကြောင်းဖြင့် ဖြစ်နိုင်ခြေအရွေ့ကို ဆုပ်ကိုင်မိခဲ့သည်။

ဒုတိယအာဏာရှင်က ၂၀၀၈ ခြေဥကို အဓမ္မပြဋ္ဌာန်း။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာရုံမစားရဘဲ ပြည်ခိုင်ဖြိုး လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရရှိစေ။ စိတ်ချလက်ချ ပြည်ခိုင်ဖြိုး အစိုးရ ဖြစ်ပြီဆိုမှ နိုင်ငံတကာအမြင်လှအောင် လွှတ်တော်တွင်း လူနည်းစုအတိုက်အခံဘဝဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ထိုင်စေ။ ယင်းကို ဒုတိယအာဏာရှင် ကြိုတင်စီမံထားသည့် အန္တရာယ်မြူတစ်စက်မတင်သော ၄င်း၏ဆုတ်လမ်းဟု နိုင်ငံရေး အကဲခတ်တို့က ဖွင့်ဆိုကြသည်။

သို့သော်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းမဖော်ဝံ့အောင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ ပြည်ခိုင်ဖြိုးအမတ်တစ်ဦး ဖြစ်ခဲ့သလို သမ္မတဦးသိန်းစိန် ခန့်အပ်ထားသော ဦးသိန်းစိန်၏ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲလိမ် မဲခိုးသည်ဟု အကြောင်းပြလို့လည်း မရ။ အာဏာမလွှဲပေးချင်စရာ ခိုင်မာသည့် အကြောင်းပြချက်ကောင်းကလည်း မရှိသဖြင့် အရယ်အပြုံးမရှိသည့် အာဏာလွှဲပြောင်းပွဲကို နှမြောတသခြင်းများစွာဖြင့် ကျင်းပပေးခဲ့ရသည်။

ရာသက်ပန် ပြည်ခိုင်ဖြိုးအာဏာရရှိရေးအတွက် ဒုတိယအာဏာရှင် အကြံအဖန်လုပ်ထားသမျှ ပြည်သူတို့ ကောက်စားသွားခဲ့ပြီ။ ဒုတိယအာဏာရှင်သည်လည်း မုန်းပြီဟေ့ဆို အစွမ်းကုန်မုန်းတတ်သည့် မြန်မာပြည်သူတို့၏ စိတ်နေစိတ်ထားကို နားမလည်ခဲ့ဟု အကဲခတ်တချို့က ဆိုကြသည်။

ဒုတိယအာဏာရှင်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် အကောင်းဆုံး သင်ခန်းစာယူကာ ၂၀၀၈ အခြေခံဥပဒေ၌ စစ်တပ် ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးအား အလိုအလျောက် ၂၅ ရာခိုင်နှုန်း အသာရနေအောင် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပြီး ၂၅ ရာခိုင်နှုန်း အသာရရုံဖြင့် ပြည်ခိုင်ဖြိုး အစိုးရဖွဲ့နိုင်မည်ဟု ယုံမှတ်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လျှော့တွက်မိခြင်း (သို့မဟုတ်) ဒုတိယအာဏာရှင် စုံလုံးကန်း စိတ်ကူးယဉ်ခြင်းဟု သုံးသပ်မှုများလည်း ရှိသည်။

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်၊ ပြည်ခိုင်ဖြိုးအစိုးရဝန်ကြီးဟောင်း ဦးရဲထွဋ် ရေးသည့် ‘မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးလိုက်ရသော အခွင့်အလမ်းများ’ စာအုပ် ထွက်ရှိလာသည့်အချိန်ကျမှသာ ဒုတိယအာဏာရှင် စုံလုံးကန်း စိတ်ကူးယဉ်ခဲ့ခြင်းမရှိ ကြောင်း လက်ခံနိုင်ဖွယ် အချက်အလက်သစ်တစ်ခုကို အံ့အားသင့်ဖွယ် ထပ်တွေ့ခဲ့ရသည်။

ဦးရဲထွဋ်က ဒုတိယအာဏာရှင်ကြီး၏ လမ်းပြမြေပုံတွင် ၂၀၀၈ ခြေဥဖြင့် စစ်တစ်ပိုင်း ဒီမိုကရေစီ ဖော်ဆောင်ရေးတင်မက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံးဝမပါသော မြန်မာ့နိုင်ငံရေးကို ရှေ့ဆက်ရန် ပြဋ္ဌာန်းထားခဲ့ကြောင် းဆိုသည်။

ဆိုလိုသည်မှာ ပြည်ခိုင်ဖြိုးအစိုးရ တက်ခါစအချိန်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်သို့ ရောက်ရှိလာခြင်းသည် ဒုတိယအာဏာရှင်ကြီး၏ သဘောထားမဟုတ်ဘဲ ဦးသိန်းစိန်ဘာသာ ထွင်းသောလမ်း။

ပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်လမ်းကြောင်း ပေါ်တက်လာခြင်းကြောင့် ပြည်ခိုင်ဖြိုးအစိုးရအတွက် နိုင်ငံရေးအမြတ်ရရှိခဲ့သလို ပြည်ခိုင်ဖြိုးအနေဖြင့် အာဏာကို ဆုပ်ကိုင်ထားနိုင်ခြင်း၊ ၅ နှစ်တာအတွင်း ပြည်ခိုင်ဖြိုးအပေါ် လူထုထောက်ခံမှု ပိုမိုရရှိလာနိုင်ခြင်းနှင့် ၂၅ ရာခိုင်နှုန်း အသာစီးရနေခြင်းအရ ၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အဆင့်အ နည်းဆုံး ၂၆ ရာခိုင်နှုန်း အနိုင်ရရှိမည်ဟု ဦးသိန်းစိန်၏ စိတ်ကူးယဉ်မှုက ဒုတိယအာဏာရှင်ကြီး၏အိပ်မက်ကို သွက်သွက်ခါခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာတော့ အစိုးရ အတွေ့အကြုံမရှိခြင်းအရ ဖြစ်ပေါ်လာသော အားနည်းချက်များ ရှိသည်။ စစ်တပ်ခေါင်းဆောင်တို့၏ မရိုးမသား ခြေထိုးခံမှုနှင့် ကန့်လန့်တိုက်ခြင်းများလည်း ရှိသည်။ အစိုးရအာဏာကို ကန့်သတ်ထားသော အခြေခံဥပဒေအရလည်း စိတ်သွားတိုင်းကိုယ် မလိုက်ပါနိုင်။ ထို့ကြောင့် အပြောင်းအလဲသည် လျှောက်သလောက် မပေါက်။ လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုဆိုလျှင် စစ်တပ်က ဆတ်ဆတ်ခါ တုံ့ပြန်ခဲ့သည်။ မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အမျိုးသားဒီမိုကရေစီ အစိုးရအပေါ် ပြည်သူအချို့က ဝေဖန်မှုများရှိလာသလို အားမလိုအားမရစိတ်တို့သည်လည်း တိုးပွားလာခဲ့သည်။

ယင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ၂၆ ရာခိုင်နှုန်း အနိုင်ရမလားဆိုသည့် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးတို့၏ တိတ်တခိုးအိပ်မက်ကို ရေလောင်းပေါင်းသင်ပေးခဲ့သည်။ အခြားတဘက်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာဏာရအစိုးရ အလိုကျ ပြုမူနေသယောင် အပြောအဆိုများကို ရွေးကောက်ပွဲမကျင်းပမီ အတန်ကြာကတည်းက ထုတ်လွှင့်ကာ ပြဿနာရှာစရာ လမ်းတစ်ခု ဖောက်လုပ်ထားခဲ့သည်။ 

ရွေးကောက်ပွဲပြီး နောက်တစ်ရက်မှာပင် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးတို့၏ အိပ်မက်သည် အိပ်မက်သာဖြစ်ကြောင်း မျက်ရည်စက်လက်ဖြင့် သိခဲ့ကြသည်။ စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီသည်  ပြည်သူထောက်ခံမှုဖြင့် ဒီဘဝတွင် အစိုးရအာဏာမရနိုင်တော့တာ သေချာကြောင်း ၂၀၂၀ ရွေးကောက်ပွဲက ထပ်လောင်းသက်သေပြခဲ့သည်။

ပို၍ဆိုးတာက နောက်အစိုးရသစ်တက်ပြီး မကြာမီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပင်စင်ယူရတော့မည်။ ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ဗိုလ်သန်းရွှေက ၎င်းစိတ်ကြိုက် ဂျူနီယာချာတိတ် မင်းအောင်လှိုင်အား ဆွဲခန့်လိုက်သလို   ခန့်ချင်သလို ခန့်အပ်လို့မရ။ ထို့ကြောင့် တပ်ချုပ်အသစ်သည် ၄င်း၏တပ်တွင်းအာဏာ ခိုင်မာလာသည်နှင့်တပြိုင်နက်  ပင်စင်ယူပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သြဇာခံအဖြစ် အမိန့်နာခံတော့မည် မဟုတ်ပေ။ ထို့ပြင် ဒီချုပ်အစိုးရ ၅ နှစ်သက်တမ်းအတွင်း ကန့်လန့်တိုက်ခဲ့ခြင်းအရ အစိုးရအနေနှင့်လည်း ပင်စင်စား မင်းအောင်လှိုင်အပေါ် အဖက်လုပ် ဆက်ဆံနေမည် မဟုတ်ပါ။ ပြောရလျှင် မင်းအောင်လှိုင်မိသားစု၏ အကြောင်းပြချက်မခိုင်လုံဟု ထင်ရသော ကြွယ်ဝချမ်းသာမှုအပေါ် အကာအကွယ်ပေးမည့်သူ မရှိ။ 

ထို့ကြောင့် သမ္မတဖြစ်ချင်သည်ဟုဆိုသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပင်စင်စားဘ၀သို့ ရောက်ခဲ့ပါက ဂေါက်လေးရိုက်လိုက်၊ အပင်လေးစိုက်လိုက်၊ မြေးထိန်းလိုက်ဖြင့် သက်သောင့်သက်သာ ဘုရားစာ အကျယ်ကြီးရွတ်ဆိုနိုင်ဖို့ရာ မသေချာ။ တထိတ်ထိတ်ဘဝဖြင့် အိပ်ရေးပျက်ရပေဦးမည်။ ယင်းသို့သောအနေအထားအရ မင်းအောင်လှိုင်အနေနှင့် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ လုပ်နေကျနည်းဟောင်းအတိုင်း ပြည်သူတို့၏ နားထင်ကို ရွေးပစ်ကာ အာဏာသိမ်းတော့သည်။ ၎င်း၏ ကျေးဇူးရှင်ဆရာ ဗိုလ်သန်းရွှေကဲ့သို့ပင် ပြည်သူ့ရွေးချယ်ခံအမတ်များကို ထောင်ထဲဖမ်းထည့်ခြင်းနှင့် ဆန့်ကျင်ပြည်သူများအား ပြတ်ပြတ်သားသား သတ်ဖြတ်ကာ အစွမ်းကုန်ဖိနှိပ်ခြင်းတို့ဖြင့် တတိယအာဏာရှင်ဖြစ်ရေး အိပ်မက်ကို ကြိုးစားပမ်းစား ဖော်ဆောင်တော့သည်။

လူထုထောက်ခံမှုကြီးသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးထဲမှ လုံးဝဖယ်ရှားမည်။ စိတ်မချရသော ၂၅ ရာခိုင်နှုန်း အသာစီးစနစ်ကို ဖယ်ရှားကာ အယောင်ပြဒီမိုကရေစီ၊ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်တို့ဖြင့် ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်တပ်သာလျှင် ဦးဆောင်အာဏာပိုင်ဖြစ်စေမည့် စနစ်အဖြစ်သို့ ရအောင် ပြဋ္ဌာန်းမည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းစစ်ဗိုလ်ချုပ်ဘဝမှ သမ္မတအဖြစ်သို့ ကိုယ့်ဘာသာခန့်အပ်ကာ နောက်ထပ်နှစ် ၂၀ ခန့်ကြာ တတိယအာဏာရှင် တခေတ် ထူထောင်မည်။ ယင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိ ထွင်းနေသောလမ်း ဖြစ်သည်။

ပြောရလျှင် ဗိုလ်သန်းရွှေ၏အိပ်မက်ကို ၎င်း၏အကျိုးစီးပွားအရ နှစ်နံစပ်ကာ မိုက်လုံးကြီး လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ဖျက်လှမ်းမည့် အသွားမတော်တစ်လှမ်းတွင် ဗိုလ်သန်းရွှေ၏ သသဘောထားပါ၊ မပါနှင့် ဗိုလ်သန်းရွှေထံ အတည်ပြုချက် ရယူခဲ့ခြင်း ရှိ၊ မရှိ ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။

တတိယအာဏာရှင် အိပ်မက်သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း မင်းအောင်လှိုင် တွေးမိသည့်အခါတိုင်း ဇောချွေးထန်နေမှာလည်း သေချာသည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024