
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ဇွန် ၂၇ ရက် မနက်ပိုင်းက ဝင်ရောက်စီနင်းပြီး ဘက ကျောင်းဆရာတစ်ဦးနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးသွားကာ ပစ္စည်းတချို့လည်း ယူသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ၂၀ လောက်ဟာ ကျောက်ဆည်လေးကျေးရွာ၊ ပန်းသလဲတောင် ဘုန်းတော်ကြီးကျောင်းနဲ့ ရေကြည်ရွာ၊ တောင်ခေါင်းကျေးရွာတွေကို ဝင်ရောက်စီးနင်းရှာဖွေကြပြီး တောင်ခေါင်းဘုန်းတော်ကြီး(ဘက)ကျောင်းမှာ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကလေးတွေအတွက် မုန့်တွေပါမချန် ယူသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အပြန်လမ်းမှာလည်း တောင်ကန်အုပ်စု ကင်းကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာတွေကို သေနတ်ပစ်ဖောက် ဝင်ရောက်စီနင်းမွှေနောက်ပြီး နေအိမ်တစ်အိမ်က ကလေးစုဘူးကိုပါ ခိုးယူသွားကြတယ်လို့ သိရပါတယ်။
နေ့လယ်ပိုင်းလောက်မှာလည်း မန္တလေးကနေ စစ်ကား ၆ စီး ထပ်လာပြီး မတ္တရာအနောက်ပိုင်း ကျေးရွာတွေဖြစ်တဲ့ တံငါသည်ကျေးရွာ၊ အင်တံခါး၊ သပြေချောင်၊ သပြေသာ၊ ကိန္နရာ၊ ချောင်းတော်ဝ၊ မြစ်ကမ်း စတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး၊ မြစ်ကမ်းကျေးရွာက ကျေးရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းသုံးကြောင်းခွဲပြီး မတ္တရာမြို့နယ်အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေက ကျေးရွာတွေကို ညအိပ်စခန်းချ ဝင်ရောက်စီးနင်း မွှေနှောက်နေကြတာဖြစ်ပြီး ရွာသူရွာသားတွေဟာ ကိုယ့်ရွာကို စစ်ကြောင်းဝင်လာမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်၊
စစ်ကောင်စီတပ်တွေ အခုလို လုပ်နေတာဟာ ဇွန်လ ၂၆ ရက်နေ့က ရေကြည်အုပ်စု ကျောက်ဆည်လေးကျေးရွာက စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။