Home
မြန်မာသတင်း
မုံရွာစစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားသူ ကိုဇေယျာလင်းအပါအဝင် ကျဆုံးပြည်သူ ၈၇၇ ဦးထိရှိလာ
DVB
·
June 24, 2021

       မတရားအာဏာသိမ်းကာလ ၄ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၇၇ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၂၇၉ ယောက် ဖမ်းဆီးခံခဲ့ရကာ လက် ရှိ  ၅၀၈၈ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၁၀ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၅၀ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေ ဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၁၈ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြ ကျေးရွာက ကိုဇေယျာလင်းကို စစ်သားတွေက ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီး နောက်တနေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ ကိုဇေယျာလင်းရုပ်အလောင်းမှာတော့ နောက်စေ့မှာ ကြီးမားတဲ့ ဒဏ်ရာနဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း ဒဏ်ရာတွေတွေ့ရှိရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ဇွန်လ ၁၉ ရက် ညက အရပ်သား တယောက်ဖြစ်တဲ့ ကိုသန်းစိုးအောင်ဟာ အသက် ၁ နှစ်နဲ့ ၆ လဝန်းကျင် သမီးဖြစ်သူ နေမကောင်းတဲ့အတွက် ဆေးခန်းပြဖို့ ဆိုင်ကယ်မောင်းသွားချိန်မှာ စစ်တပ်ကတားဆီးခဲ့ရာမှာ ရပ်တန့်ပေးခြင်းမရှိတာကြောင့် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူးက ကားနဲ့တိုက်ဖမ်းဆီးခဲ့လို့ ဖခင်ဖြစ်သူ ဒဏ်ရာရရှိသွားခဲ့ပြီး သမီးဖြစ်သူ ကလေးငယ်ကတော့ ကျဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုသန်းစိုးအောင်ကိုလည်း ကျိုင်းတုံမြို့မရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်း တင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ် သီးသီး က ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့ လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024