
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ)အတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေက အလှူငွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့တယ်လို့ ဦးဆောင်လူငယ်တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် ဝင်းရော်ဒေသခံတွေ ပေးပို့လှူဒါန်းငွေ၊ ခလယ်တံခွန်တိုင်အုပ်စုတွင်းက အလှူရှင်တွေစုပေါင်းပြီး CDM ဝန်ထမ်း ၂၇ ဦးအတွက် ၁ ဦးကို အလှူငွေ ၅၀၀၀၀ ကျပ်စီနဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းခဲ့တာပါ။
“တော်လှန်ရေးအတွင်းမှာ ပါဝင်ခဲ့တဲ့ CDM ဝန်ထမ်းတွေကို ပြည်ပရောက်အလှူရှင်တွေနဲ့ ကျေးရွာတွေက အလှူရှင်တွေ စုပေါင်းပြီး လှူဖြစ်တာပါ။ လတ်တလော အခက်အခဲ အရမ်းဖြစ်နေတဲ့သူတွေကို ဦးစားပေးလှူဖြစ်တယ်” လို့ ဦးဆောင်လူငယ်တစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ) အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်း စုစုပေါင်း ၆၀၀ နီးပါးရှိပြီး ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေကိုပါ ဆက်လက်လှူဒါန်းသွားနိုင်ဖို့ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ) အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုံခြုံရေးနဲ့ နေထိုင်စားသောက်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ က တာဝန်ယူ ဆောင်ရွက်ပေးထားပါတယ်။