
တောင်တွင်းကြီးမြို့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မန်နေဂျာက မီတာစာရေးတွေကို ပြည်သူတွေဆီက ဓာတ်အားသုံးစွဲခတွေကောက်ခံဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။
မီတာစာရေးဝန်ထမ်းတစ်ဦးက ''တိုင်းရုံးက ဘဏ္ဍာရေးမှူးနဲ့ မြို့နယ်မန်နေဂျာက ခိုင်းတာ။ ဖေဖော်ဝါရီလကနေ မေလအထိ လေးလစာကောက်ရမယ်တဲ့။ အခုလို ပြည်သူတွေ စီးပွားရေးကြပ်တည်းနေတဲ့ ကာလကြီးမှာ လေးလစာကောက်ခိုင်းတာကတော့ လွန်လွန်းတယ်။ ပြည်သူနဲ့ ထိတွေ့ရမှာက ကျနော်တို့လေ။ ကျနော်တို့ကတော့ မကောက်ချင်ဘူး'' လို့ ပြောပါတယ်။
ဒေသခံပြည်သူတစ်ဦးက “အကြမ်းဖက်စစ်တပ်က အာဏာလုပြီးကတည်းက ဘာအလုပ်မှလုပ်လို့ အဆင်မပြေတော့ဘူး။ ငွေပိုငွေလျှံလည်းမရှိဘူး။ စားဖို့တောင်မနည်းရှာနေရတာ။ မီတာခကောက်မယ်ဆိုရင်တော့ ပိုက်ဆံမရှိလို့ မဆောင်နိုင်ဘူးလို့ဘဲ ပြောလွှတ်ရမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တောင်တွင်းကြီးမြို့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ ဝန်ထမ်း ၄၀ နီးပါးရှိပြီး အာဏာဖီဆန် CDM မှာပါဝင်တဲ့ ဝန်ထမ်း ၈ ဦးကိုတော့ ရာထူးကနေ ထုတ်ပယ်ထားပါတယ်။