နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ဇွန်လ၂၁ ရက် ဒီနေ့ရုံးချိန်းမတိုင်ခင် ရှေ့နေတွေနဲ့ တွေ့ဆုံချိန် မိနစ် ၂၀ ကျော်သာရခဲ့တယ်လို့ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး နှစ်ဦးပေါင်း အမှု ၄ မှု အတွက် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မအတွက် တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်းကို စစ်ဆေးခဲ့ပြီး အဓိကစစ်မေးတာရော အပြန်အလှန်စစ်မေးတာရော ဆောင်ရွက်နိုင် ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်စွဲဆိုခံထားရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မတွေအတွက်တော့ တရားလိုပြသက်သေ ဗိုလ်ကြီးအာကာမင်းနိုင်ကို စစ်ဆေးခဲ့ပြီး အဓိကစစ်မေးတာရော အပြန်အလှန်စစ်မေးတာရော ဆောင်ရွက်နိုင်ခဲ့ပါတယ်။
တရားခွင်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဘယ်အချက်တွေလွဲနေတယ်၊ ဘယ်အချက်တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို သေသေချာချာနားထောင်ပြီး ဆွေးနွေးခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မအတွက် တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်းကို စစ်ဆေးခဲ့ပြီး အဓိကစစ်မေးတာရော အပြန်အလှန်စစ်မေးတာရော ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ရုံးချိန်းမတိုင်ခင် ခေါင်းဆောင်တွေနဲ့ရှေ့နေတွေ တွေ့ဆုံချိန် မိနစ် နှစ်ဆယ်ကျော်ပဲရခဲ့တဲ့အတွက် နောက်ရုံးချိန်းတွေမှာ အမှုတွေအတွက် ဆွေးနွေးတွေ့ဆုံခွင့်ပိုရအောင် ရှေ့နေတွေ စုပေါင်းတောင်းဆိုသွားဖို့ရှိနေတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒီနေ့စစ်ဆေးခဲ့တဲ့အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စွဲဆိုထားတဲ့ အမှု ၃ မှု ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ကိုတော့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့အမှုကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုမှာ တရားလိုတွေဖြစ်တဲ့ ရဲမှူးကြည်လင်းနဲ့ ရဲမှူးမြင့်နိုင်တို့ကို ဇွန်လ ၁၄ ရက်နေ့ရုံးချိန်းမှာ စတင်စစ်ဆေးခဲ့ပါတယ်။
တရားလို ရဲမှူးမြင့်နိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ်ပုဒ်မတွေနဲ့ တရားစွဲခဲ့တာဖြစ်ပြီး ရဲမှူးကြည်လင်းက ပို့ကုန်သွင်းကုန်ပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။