ဂျာမနီအသင်း ပေါ်တူဂီကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရ၊ စပိန်နှင့် ပြင်သစ်တို့ သရေပွဲကြုံ

ဇွန်လ ၁၉ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ   ဂျာမနီက ပေါ်တူဂီအသင်းကို  ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

အုပ်စု (F) က   ပေါ်တူဂီနဲ့ ဂျာမနီ အသင်းတွေ ယှဉ်ပြိုင်ကစားကြရာမှာတော့ ပထမပိုင်း ၁၅ မိနစ်မှာပဲ တိုက်စစ်မှူး စီရော်နယ်ဒိုက ပေါ်တူဂီအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ပွဲချိန် ၃၅ မိနစ်နဲ့ ၃၉ မိနစ်တွေမှာ ပေါ်တူဂီ နောက်တန်းကစားသမားတွေ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ပထမပိုင်းမှာတင် ပေါ်တူဂီက ၂ ဂိုး တစ် ဂိုးနဲ့ ရှုံးနိမ့်နေပါတယ်။ 

ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာ ကိုင်ဟာဗက်ဇ်က  ဂျာမန်အသင်းအတွက် အနိုင်ဂိုး ၁ ဂိုး ထပ်သွင်းခဲ့ပြီး မိနစ် ၆၀ မှာ ဂိုဆက်စ်က နောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့လို့ ဂျာမန်တို့ ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်လိုက်ပါတယ်။ မိနစ် ၆၀ မှာ ပေါ်တူဂီအတွက် ချေပဂိုးကို ဟိုတာက သွင်းယူပေးခဲ့ပြီး နောက်ထပ် ဂိုးတွေထပ်မသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ ဂျာမနီက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။

ဒီပွဲမှာ ဂျာမနီက ပေါ်တူဂီထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေရော ပိုရခဲ့တာဖြစ်ပြီး  ဒီပွဲစဉ်ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဂျာမန်နောက်ခံလူ ဂိုဆန်က ရရှိသွားပါတယ်။  

အုပ်စု (F) ပွဲစဉ်တစ်ခုဖြစ်တဲ့ ဟန်ဂေရီနဲ့ ပြင်သစ်တို့ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပြီး ဒီအုပ်စုမှာ  ပြင်သစ်က ရမှတ် ၄ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေကာ ဂျာမနီက အုပ်စု ဒုတိယ၊ ပေါ်တူဂီက အုပ်စု  တတိယနဲ့ ဟန်ဂေရီက အုပ်စု နောက်အောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။  

အုပ်စု (E) က  စပိန်နဲ့ ပိုလန်တို့ ပွဲစဉ်မှာလည်း တဖက် ၁ ဂိုးစီသရေကျသွားတဲ့အတွက် စပိန်အသင်းဟာ ၂ ပွဲကစား ၂ ပွဲသရေ ရမှတ် ၂ မှတ်နဲ့ပဲ  အုပ်စု တတိယနေရာမှာ ရှိနေပါတယ်။ 

ဇွန်လ ၂၀   ရက်မှာတော့  အုပ်စု (A) က  အီတလီနဲ့ ဝေးလ်၊ ဆွစ်ဇာလန်နဲ့ တူရကီ အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

Photo Credit- Euro2020

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up