မင်းလှမြို့အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းကို စစ်ကောင်စီက ထောင် ၃ နှစ်ချ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားကာ သာယာဝတီထောင်တွင်းတရားရုံးကနေ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုထံက သိရပါတယ်။

သတင်းထောက် ကိုသက်နိုင်ဝင်းဟာ DVB သတင်းဌာနရဲ့ CJ အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး၊ အရင်က Bago Weekly Journal နဲ့ မြေလတ်အသံ သတင်းဌာနတို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မင်းလှမြို့နယ်အတွင်း သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။

ကိုသက်နိုင်ဝင်းကို ဧပြီ ၆ ရက်နေ့က မင်းလှမြို့ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်ပြီး၊ သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားကာ ဒီနေ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့  ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတာပါ။

ခုလို ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့  အယူခံဝင်သွားမှာမဟုတ်ဘူးလို့ လည်း မိသားစုဝင်တဦးက  ဒီဗွီဘီကိုပြောပါတယ်။

ပဲခူးတိုင်းအတွင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့  သတင်းထောက် ၄ ယောက်ရှိရာမှာ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုနဲ့  မင်းလှမြို့ အခြေစိုက်ကို DVB CJ သတင်းထောက် သက်နိုင်ဝင်းတို့ ၂ ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up